၂၀၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား၊ အသက်(၂၅) နှစ်‌အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

တောင်ဥက္ကလာပ   ဇွန်   ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား၊ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန်လ၂၀ရက်နေ့ မွန်းလွဲ(၃:၀၀)နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ ပဒေသာအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘောလုံးပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲအဖြစ် အလုံခရိုင်အမျိုးသမီး‌ဘောလုံးအသင်းနှင့် သင်္ဃန်းကျွန်းခရိုင်အမျိုးသမီး‌ဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြရာ သင်္ဃန်းကျွန်းခရိုင်အမျိုးသမီး‌ဘောလုံးအသင်း (၃)ဂိုး၊ အလုံခရိုင်အမျိုးသမီး‌ဘောလုံးအသင်း(၀)ဂိုးဖြင့် သင်္ဃန်းကျွန်ခရိုင်အသင်းမှ အလုံခရိုင်အသင်းကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းမှ ပထမဆုရရှိသော သင်္ဃန်းကျွန်းခရိုင်‌‌အမျိုးသမီးဘောလုံးအသင်းအား ဆုတံဆိပ်များ၊ တံခွန်စိုက်ဖလားနှင့်ငွေသားဆုကျပ် ၃၀ သိန်း၊ ဝန်ကြီးချုပ်ဦးစိုးသိန်း၏ဇနီးဒေါ်မော်မော်သန်းမှ ဒုတိယဆုရရှိသော အလုံခရိုင်အမျိုးသမီးဘောလုံးအသင်းအား ဆုတံဆိပ်များနှင့်‌‌ငွေသားဆု ကျပ်၂၀ သိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၏ဇနီး ဒေါ်နီနီထွန်းမှ တတိယဆုရရှိသော အင်းစိန်ခရိုင်‌အမျိုးသမီးဘောလုံးအသင်းအား ဆုတံဆိပ်များ၊ တိုင်းဒေသကြီးဥပဒေချုပ်‌ ဒေါ်ဖြူမာဝေမှ ငွေသားဆုကျပ်၁၀သိန်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရေးမှူး ဦးညီညီမင်း၏ဇနီး ဒေါ်ဖြူဖြူစိန်မှ အကောင်းဆုံးအလယ်တန်းကစားသမားဆု၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်‌‌အောင်၏ဇနီး ဒေါ်နီနီစန်းမှ အကောင်းဆုံးအ‌ရှေ့တန်းကစားသမားဆု၊ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်ဦးဗိုလ်ဋ္ဌေး၏ဇနီး ဒေါ်စမ်းစမ်းအေးမှ အကောင်းဆုံးကစားသမားဆုတို့ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့်ဇနီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်‌ဋ္ဌေးနှင့်ဇနီး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်‌အောင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးညီညီမင်းနှင့်ဇနီး၊ လူမှုရေးရာဝန်ကြီး ဦးဋ္ဌေးအောင်၊ လမ်းပန်ရေးရာဝန်ကြီး ဦးကျော်ကျော်စိုး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ဥပဒေချုပ် ဒေါ်ဖြူမာဝေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်ဇနီးများ၊  တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် မြို့နယ်များမှ ဘောလုံးအားကစားဝါဿနာရှင် ပရိတ်သတ်များ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)