မြဝတီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းခြင်းလုပ်ငန်းများ  ဆက်လက်ဆောင်ရွက်

မြဝတီ ဇွန် ၂၂

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မိုးရာသီကာလများ၌ ဖြစ်ပွားမှုနှုန်းများသည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ခြင်းအနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက အမှတ်(၅)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ပေးသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်  မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးကောင်းစံလင်း၏ ဦးဆောင်မှုဖြင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင် အရာရှိဦးကျော်ကျော်ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူများက  အမှတ် (၅) ရပ်ကွက်အတွင်းရှိ လုံးချင်းနေအိမ်များ၊  နေအိမ်တန်းလျားတို့၌ တစ်အိမ်တက်ဆင်းဖြင့် သွေးလွန်တုပ်‌ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးဆွေးနွေးပြောကြားပြီး ခြင်၊ လောက်လန်းများ မပေါက်ဖွားစေရန်အသုံးပြုနေသည့် ရေစည်၊  ရေကန်များ၊ ဘုရားပန်အိုးများအား  ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းစစ်ဆေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို  စနစ်တကျ စုပေါင်းဆောင်ရွက်ပေးသည်။

အလားတူ မြဝတီမြို့နယ်အတွင်း ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများတွင်  အသိပညာပေးလုပ်ငန်းများ၊    ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဇာဖြူဝင်း(မြဝတီ)