ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲက ရှေးဦးပြုစုခြင်း သိကောင်းစရာဟောပြောပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားကျင်း

ရေကြည် ဇွန် ၂၂

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရေကြည်မြို့နယ်ကြက်ခြေနီအသင်းခွဲက ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာဟောပြောပွဲနှင့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးကျော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အသင်းခွဲဥက္ကဋ္ဌ ဦးမောင်မောင်အေး၊ မြို့နယ်အမှုဆောင် ဒေါ်သင်းသင်းချိုနှင့် မြို့နယ်တပ်ဖွဲ့မှူးတို့က ရှေးဦးပြုစုခြင်းနှင့်ကြက်ခြေနီအကြောင်းသိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ကြပြီး သင်တန်းထူးချွန်ဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး အသုတ်မြို့အသင်းခွဲ(ငယ်)ဥက္ကဋ္ဌ ဦးထွန်းနိုင်ဦးကသင်တန်းသား(၃၅)ဦးအတွက် သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့ပြီး အ.ထ.က(မြို့မ)ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမြင့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာအခမ်းအနားကို မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ပြီးမြောက်ခဲ့ကြောင်း သိရသည်။

မေသန့်ဇင် (ပြန်/ဆက်)