သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာ အောင်ဇေယျ နေပြည်တော်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ နေပြည်တော်အတွင်း ငလျင်ဘေးအန္တရာယ်ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြအခမ်းအနားတက်ရောက်

နေပြည်တော် ဇွန် ၂၂

နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏နေပြည်တော်အတွင်း ငလျင်ဘေးအန္တရာယ်ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြ အခမ်းအနား ယနေ့မွန်းလွဲ ၃ နာရီတွင် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်နည်းပညာတက္ကသိုလ်၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာ အောင်ဇေယျနေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရာက်ကြသည်။

ဦးစွာနေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် ငလျင်ဘေးသည် ကြိုတင်သိရှိနိုင်ခြင်း မရှိသည့် ရုတ်တရက်ဖြစ်ပွားတတ်သော ဘေးမျိုးဖြစ်ကြောင်း၊ ကြိုတင်ခန့်မှန်းလို့မရနိုင်သည့် ငလျင်ဘေးကို ကြိုတင်လေ့ကျင့်ခြင်းနှင့် ကာကွယ်သွားရမှာဖြစ်ကြောင်း၊ ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းကို မူကြိုအရွယ်ကလေးမှသည် ရပ်ကွက်နေပြည်သူအထိ လုပ်ဆောင်ကြရမှာဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များ၏ ဆောင်ရန်/ရှောင်ရန်များကို လေ့လာကြပြီး မိမိ၏ပတ်ဝန်းကျင်မှာ ပြန်လည်ပြီး အသိပညာတွေဖြန့်ဝေပေးကြရမှာဖြစ်ကြောင်း၊ ဘေးအန္တရာယ်သည် တားဆီးလို့မရနိုင်ပေမဲ့ ထိခိုက်ဆုံးရှုံးမှုနည်းအောင် ကြိုတင်ပြင်ဆင်ခြင်း အပိုင်းတွင် “ဇာတ်တိုက်လေ့ကျင့်ခြင်းဖြင့် ဘေးအန္တရာယ်များ၏ထိခိုက်မှုကို လျော့သွားအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းသရုပ်ပြအခမ်းအနားမှရရှိလာ သည့် အသိပညာ၊ အတတ်ပညာများကို မိမိ၏လုပ်ငန်းခွင်၊ ရပ်ရွာနှင့်အသိုင်းအဝိုင်းများတွင် ပြန်လည် လက်ဆင့်ကမ်းမျှဝေပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက်နေပြည်တော်နည်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ဒေါက်တာစိုးလင်းအောင်က ဘေးအန္တရာယ်ကျရောက်ပါက ဘေးကင်းဇုန်သို့ ကျောင်းသား/ ကျောင်းသူများ ရွှေ့ပြောင်းရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ဆောင်ရွက် ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ငလျင်ဘေးသဏ္ဌန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုအဖြစ် ငလျင်လှုပ်ခတ်ခြင်းအကြောင်း အချက်ပေးခြင်းနှင့်အတူ ကျောင်းသား/ ကျောင်းသူများမှ ဝပ်၊ ကာ၊ ကိုင် ပုံစံဖြင့် နေရာယူခြင်း၊ ငလျင်လှုပ်ခတ်မှု ငြိမ်သက်ပါက အဆောက်အဦနှင့် လွတ်ကင်းရာ ကွင်းပြင်နေရာများတွင် နေရာယူခြင်းတိုကို သရုပ်ပြသခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ရှေးဦးသူနာပြုစုခြင်း သရုပ်ပြသခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များက ဆေးဝါးကုသမှု သရုပ်ပြသခြင်းနှင့် ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းအဖွဲ့က ယာဉ်၊ ယန္တရားများဖြင့် ဘေးကင်းလုံခြုံသည့် နေရာများသို ပို့ဆောင်ပေးခြင်းစသည့် သရုပ်ပြသမှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်သူများအား နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)