ဖျာပုံ ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ ကာယ၊ ဥာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က အမှတ်(၁၉)ရပ်ကွက်၊ အ.လ.က(၂)ကျောင်း သဇင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အ.လ.က(၂)ကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်သင်းသင်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မာမာလွင်က "မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ၊ လူငယ်ဘဝပညာသင်အရွယ်မှစပြီး၊ မိမိဝါသနာပါရာ ရည်မှန်းချက်ထားပြီး၊ ကြိုးစားကြစေလိုကြောင်း၊ လူငယ်များအကျင့်စာရိတ္တကောင်းမွန်ရေးနှင့် စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများနှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ကျောင်းသူများဖြစ်စေလိုကြောင်း၊ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေသောစာပေများကိုလည်း လေ့လာဖို့လိုကြောင်း" ပြောကြားပြီး၊ ဖျာပုံမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်လှိုင်က အားကစားနှင့်အနာဂတ်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် အားကစားကဏ္ဍ လေ့လာလိုက်စားစေလိုကြောင်း၊ ကျောင်းသားလူငယ်များကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများဖြစ်လာစေရန်၊ အချိန်ကိုအကျိုးရှိရှိ အသုံးချစေတတ်ဖို့လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောအသိပညာပေးနံရံကပ်စာစောင်များဖြစ်သော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်များပြသပေးခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)