နေပြည်တော် ဇွန် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာ/ ဆရာမကြီးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် ပျဉ်းမနားမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ စွမ်းရတနာခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ပညာရေးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊မူလတန်း ကျောင်းအုပ်ဆရာ/ဆရာမကြီးများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံးပညာရည်မြင့်မားရေးဆိုသည့် ပညာရေးဆိုင်ရာ အမျိုးသားရေးရည်မှန်းချက်ကို ချမှတ်၍ ပညာရေးပြုပြင်ပြောင်းလဲမှုကို ခေတ်နှင့်လျော်ညီစွာ စီမံကိန်းများ စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားတိုင်းအခြေခံပညာကို ကောင်းစွာသင်ယူတတ်မြောက်ရန်၊ ကျောင်းသား/ ကျောင်းသူ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာအဆင့်မီပညာရည်မြင့်မားရန်နှင့် အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်၊ တစ်မျိုးသားလုံး ပညာရည်မြင့်မားရေး မျှော်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စနစ်တကျ စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ/ ဆရာမများအနေဖြင့် ကျောင်းသား/ ကျောင်းသူများကို ပညာပြည့်ဝရုံသာမက နောင်တစ်ချိန်တွင် တိုင်းပြည်ကို ဦးဆောင်ကြရမည့် ကျောင်းသား/ ကျောင်းသူများအား အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်စေရေးအတွက် နည်းပေးလမ်းမှန်စွာဖြင့် သင်ကြားပေးစေလိုကြောင်း၊ ပညာခေတ်ဖြစ်သည်နှင့်အညီ ကျောင်းသား/ ကျောင်းသူများအား ပညာသင်ယူခွင့်အခွင့်အလမ်းများ ဆုံးရှုံးနစ်နာမှုမရှိစေရေးအတွက် မိဘများက မိမိရင်သွေးငယ်များအား ပညာပြည့်ဝနှလုံးလှစေဖို့အတွက် ကျောင်းများ အပ်နှံကြရမှာဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များ ပေါများလာစေရေးမျှော်မှန်းချက်ဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်သာတူညီမျှ ပညာသင်ယူမှုအခွင့်အလမ်းရရှိရန် အထူးအလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း KG+9 အခြေခံပညာအလယ်တန်း ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရန်ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ KG+9 အဆင့်ပြီးဆုံးသည့်အခါတွင် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားမည့်ကျောင်းများသို့ ဆက်လက်တက်ရောက်နိုင်ပြီး လုပ်ငန်းခွင်ဝင်ရောက်နိုင်သလို သတ်မှတ်အရည်အချင်းပြည့်မီပါက အဆင့်မြင့်ပညာကို ဆက်လက်သင်ယူနိုင်မှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းအပ်နှံနိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် ရာနှုန်းပြည့် အတန်းစဉ်ကူးပြောင်းနိုင်ရေး အထူးအလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများအား ပြင်ပစာပေဗဟုသုတ ရှာမှီးနိုင်ရန်အတွက် ကျောင်းစာကြည့်တိုက်များတွင် သုတရသစာအုပ်စာစောင်များကို စုံလင်စွာထားရှိရမှာဖြစ်ကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် ကျောင်းသား/ ကျောင်းသူများကို စာပေပညာတတ်မြောက်စေရေးအပြင် စာရိတ္တမြင့်မားကောင်းမွန်ရေး၊ ပြည်သူ့နီတိကျွမ်းကျင်ရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ စည်းကမ်းပြည့်ဝစေရေး စသည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်နိုင်ငံ့သားကောင်းများဖြစ်အောင် လေ့ကျင့်သင်ကြား ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပျဉ်းမနားမြို့နယ်ပညာရေးမှူး ဦးတင်ဆန်းက ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ကျောင်းတက်ရာခိုင်နှုန်း၊ တန်းစဉ်ကူးပြောင်းမှုရာခိုင်နှုန်းများနှင့် မြို့နယ်အတွင်း ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြားနေမှုအခြေအနေများကိုလည်း ကောင်း၊ ထက်၊ လယ်၊ မူ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများက သက်ဆိုင်ရာကျောင်းများအလိုက် ပညာသင်ကြားပေးနေမှုအခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ကျောင်းစာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်စာစောင်များကိုလည်းကောင်း၊ ကျောင်းသား/ ကျောင်းသူများအတွက် အားကစားပစ္စည်းများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုစန်းက လက်ခံရယူသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိဂုံးချုပ်အမှာစကားပြောကြားပြီး ကျောင်းအုပ် ဆရာ/ ဆရာမကြီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေးရှိ မေတ္တာကန်သို့ရောက်ရှိပြီး ကန်အတွင်း ကြာပန်းပင်များ စိုက်ထည့်ထားရှိမှု၊ အများပြည်သူများ အပန်းဖြေအနားယူနိုင်ရန်ဆောင်ရွက်ထားရှိမှု၊ ကန်ပတ်ဝန်ကျင်တွင် ရာသီအလိုက်ပွင့်သည့် ပန်းပင်များ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ကန်အတွင်းနှင့် ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးကို အမြဲမပြတ်ဆောင်ရွက်ရေး၊ ပန်းပင်များ ရှင်းသန်ရေးကို ဂရုစိုက်ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)