ဗန်းမော် ဇွန် ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်ဒီဂရီကောလိပ်များ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် စိုက်ပျိုးရေးဆောင်ရွက်သော ကျေးရွာစီမံကိန်းဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ဇွန် (၁၉) ရက်က ဗန်းမော်မြို့၌ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဗန်းမော်မြို့ ဟန်းတဲရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းအုပ်ကြီး၊ တာဝန်ရှိသူများ၊ သင်ကြားရေး ဆရာ/ ဆရာမများနှင့် တွေ့ဆုံအားပေးပြီး လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ဗန်းမော်မြို့နယ် စီဟဲကျေးရွာအတွင်းရှိ နည်းပညာတက္ကသိုလ်(ဗန်းမော်)သို့ သွားရောက်ပြီး ကျောင်းအုပ်၊ သင်ကြားရေးဆရာ/ဆရာမများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ အဆောင်နေကျောင်းသား/ ကျောင်းသူများ အတွက် ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ ကျောင်းလိုအပ်ချက်များတင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး သင်တန်းနှစ် အလိုက်၊ ဘာသာရပ်အလိုက် သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေသော ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဗန်းမော်မြို့၊ ရွှေပြည်သာရပ်ကွက်၊ အစိုးရနည်းပညာအထက်တန်းကျောင်းသို့လည်း သွားရောက်ပြီး ကျောင်းဖွင့်လှစ်၍ သက်မွေးပညာ များ သင်ကြားပေးနေမှုအခြေအနေအားလည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်) ၌ သင်တန်းနှစ်အလိုက် တက်ရောက်ပညာသင်ကြားနေသော သင်တန်းသား/ သင်တန်းသူများ၊ ဆရာ/ ဆရာမ များ တွေ့ဆုံအားပေးစကားပြောကြားကာ ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် သာစည်ရပ်ကွက်အတွင်းရှိ ခရိုင်စိုက်ပျိုးရေးဦးစီး ဌာနရုံး၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဒုတိယနှစ်စက်ဝန်းအတွက် စိုက်ပျိုးရေးလုပ်ငန်းဆောင် ရွက်သော တောင်သူများအား ချေးငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားတက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးက ပြည်နယ်၏ စီးပွားရေးမြှင့်မားတိုးတက်လာစေရေးနှင့် တောင်သူများ အကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ချေးငွေများ ထုတ်ချေးပေးခဲ့ရာ ပထမနှစ် စက်ဝန်းအတွက် တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ကြသော တောင်သူ ဦးကြီးများကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းအတွက် မတည်ငွေများကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည့်အတွက် တောင်သူများအနေဖြင့် မိမိတို့၏ အကျိုးစီးပွား အောင်မြင်ဖြစ်ထွန်းစေသကဲ့သို့ စိုက်ပျိုးရေးထုတ်ကုန်များလည်း ယခုထက် ပိုမိုတိုးတက်မြင့်မားစွာ ထုတ်လုပ်နိုင်ရေး ကြိုးစားကြရန် လိုကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဒုတိယနှစ်စက်ဝန်းဖြင့် စိုက်ပျိုးရေးစီမံကိန်းကျေးရွာများအဖြစ် ဆောင်ရွက်ကြမည့် နမ့်ဖား၊ ရွှေကျီးနား၊ စီဟဲ၊ မံဖာ၊ ကုန်းမဟတ်၊ ခိုကျင်နှင့် ဖိုးဒေဝကျေးရွာစသည့် စုစုပေါင်း စိုက်ပျိုးရေးကျေးရွာ(၇)ရွာ၊ လုပ်ငန်း ယူနစ် (၇)ခုအတွက် စိုက်ပျိုးချေးငွေကျပ်သိန်း (၃၄၀၀)အား တောင်သူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး စီမံကိန်းကျေးရွာများမှ တောင်သူများက လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်ချက်များကို တင်ပြမှု အပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် သာစည်ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ဗန်းမော်တက္ကသိုလ် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ကျောင်းသား/ကျောင်းသူများအား ဘာသာရပ်အလိုက် နေ့သင်တန်း ဖွင့်လှစ်၍ ပါမောက္ခဌာနမှူးများ၊ နည်းပြ ဆရာ၊ ဆရာမများက သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများအတွက် ရေအိမ်သာသစ်များ ထပ်မံဆောက်လုပ်နိုင်ရေး ငွေကျပ်သိန်း(၃၀) ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)