မြစ်ကြီးနား ဇွန် ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား)ကျောင်း၌ ပညာသင်ကြားလျက်ရှိသော စိုက်ပျိုးရေးဒီပလိုမာ ကျောင်းသား/ ကျောင်းသူများအား ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးမြေများအတွင်း သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးထည့်သွင်းခြင်း ပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါစိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းအတွင်းရှိ လယ်မြေများပေါ်တွင် ကျင်းပပြုလုပ်သည်။
ထို့သို့ ကျင်းပပြုလုပ်ရာတွင် ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးသိပ္ပံ(မြစ်ကြီးနား) ကျောင်းအုပ်၊ သင်တန်းသား/ သင်တန်းသူများအား ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က စိုက်ပျိုးမြေများ သီးနှံမစိုက်မီသစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးခြင်းဖြင့် သဘာဝမြေသြဇာရရှိမှု အခြေအနေများ၊ သစ်စိမ်းမြေသြဇာထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးဖြစ်ထွန်းမှုများ၊ အသိပညာပေးဆောင်ရွက်သည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား/ ကျောင်းသူများက စနစ်ကျစက်မှုလယ်ယာ ဖော်ထုတ်ထားသော စိုက်ကွင်းဧရိယာ(၁၆)ဧကအတွင်းရှိ လယ်မြေများပေါ်တွင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် သစ်စိမ်းမြေသြဇာပင်များအား ထွန်စက်များဖြင့် ထည့်သွင်းထွန်းယက်ခြင်း အသိပညာပေးလက်တွေ့ကွင်းသရုပ်ပြမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းအုပ်နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါကျောင်းဝင်းအတွင်း၌ မွေးမြူရေးဘာသာရပ်သင်ကြားလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအား မွေးမြူရေးနှင့် အသုံးချသုတေသနသရုပ်ပြခြံဝင်းအတွင်း ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက နွားမေထုန်မဲ့ လက်တွေ့သရုပ်ပြအသိပညာပေးခြင်း သင်တန်းသို့တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းအေးက သရုပ်ပြခြင်းအခမ်းအနား ကျင်းပပြုလုပ်ရခြင်းနှင့် မေထုန်မဲ့မျိုးစပ်ခြင်းလုပ်ငန်း၏ အကျိုးဖြစ်ထွန်းမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက သရုပ်ပြခြံအတွင်း မွေးမြူထားသည့် တိရစ္ဆာန်များအတွက် မွေးမြူရေးအထောက်အကူပြုဆေးဝါးများနှင့် ဝန်ထမ်းများအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို အသီးသီးထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက နွားမေထုန်မဲ့မျိုးစပ်ခြင်းလုပ်ငန်း လက်တွေ့သရုပ်ပြသမှုများ၊ နေဗွီယာမြက်များအား တစ်ပိုင်တစ်နိုင် မြက်ဖြတ်စက်အသုံးပြု၍ နွားစာကြိတ်ခွဲမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းဝင်းအတွင်းရှိ စိုက်ပျိုးမြေ ဧရိယာ (၆၅) ဧကအားနန်းကွေ့ချောင်းရေမှတစ်ဆင့် စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ ကျပ်သန်း (၂၅၀)ဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်ခဲ့သော နန်းကွေ့ဆိုလာရေတင်စီမံကိန်းလုပ်ငန်းဆောင်ရွက်၍ ပင်မမြောင်းမှတစ်ဆင့် လက်တံမြောင်းများသို့ ရေတင်ပို့လွှတ်နေမှုအခြေအနေများနှင့် ဆိုလာစနစ်ဖြင့် ချောင်းရေတင်စက်ရုံတည်ဆောက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ကျောင်းဝင်းအတွင်း အသားတိုးနွား(၅) ကောင်မွေးမြူထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ညနေပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ UAB ဘဏ်လီမိတက်မှ မြစ်ကြီးနားမြို့နယ်အတွင်း ဘူးဂါးလျှပ်စစ်ကုမ္ပဏီက ကောက်ခံလျက်ရှိသော လျှပ်စစ်ဓာတ်အားခများကို Online မှတစ်ဆင့် ကောက်ခံနိုင်ရေးအတွက် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ကအမှာစကားပြောကြားပြီး UAB ဘဏ်လီမိတက် ဒါရိုက်တာဦးဝင်းထိန်မင်း၊ ဒုတိယအမှုဆောင်အရာရှိချုပ်၊ Online Banking စနစ်တာဝန်ခံတို့က ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ၊ Online ဖြင့် ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တက်ရောက်လာကြသည့် ဘူးဂါးလျှပ်စစ်ကုမ္ပဏီ တာဝန်ရှိသူနှင့် လုပ်ငန်းရှင်များက ပြည်နယ်အတွင်း ဘဏ်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ သိလိုသည်များနှင့် အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)