ဒဂုံတောင် ဇွန် ၂၁
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ စိတ်ပိုင်း၊ ရုပ်ပိုင်းထိခိုက်မှုများ၊ မူးယစ်ဆေးဝါးပြဿနာများ၊ ရှောင်ရန်၊ ဆောင်ရန်များ၊ ဝိုင်း၀န်းကာကွယ်တိုက်ဖျက်ရန်များကို အသိပညာပေးဆွေးနွေးဟောပြောသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ ရသစာအုပ်စာစောင်များကို ခင်းကျင်းပြသခြင်းများ ဆောင်ရွက်ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများ၊ ကျောင်းသား/ သူများ တက်ရောက်ကြကြောင်း သိရသည်။
သန်းသန်းအေး