သာစည်မြို့နယ်တွင် အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးသူအတွက်ကျန်ရစ်သူ ငွေလုံးငွေရင်းအကျိုးခံစားခွင့် ထုတ်ပေး

သာစည် ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် လူမှုဖူလုံရေးအဖွဲ့ရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့မီးရထား(သာစည်စက်ခေါင်းရုံ)မှ အာမခံအလုပ်သမား အလုပ်ခွင်ထိခိုက်သေဆုံးသွားသည့်အတွက် ကျန်ရစ်သူငွေလုံးငွေရင်းအကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက် သာစည်စက်ခေါင်းရုံရှိ ဓမ္မရက္ခိတဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအကြောင်းသိကောင်းစရာ မကျန်းမာမှုအတွက် ဆေးကုသမှုခံယူခွင့်နှင့်ငွေကြေးအကျိုးခံစားခွင့်၊ ကိုယ်ဝန်ဆောင်မှု မီးဖွားမှုအတွက် ဆေးကုသမှုငွေကြေး အကျိုးခံစားခွင့်နှင့် မီးဖွားစရိတ်၊ အာမခံအလုပ်သမားသေဆုံးမှုအတွက် နာရေးစရိတ်ခံစားခွင့်၊ အလုပ်တွင်ထိခိုက်မှုကြောင့် ယာယီမသန်စွမ်းမှု၊ အမြဲတမ်းမသန်စွမ်းမှုနှင့်ကျန်ရစ်သူငွေလုံးငွေရင်း အကျိုးခံစားခွင့်စသည် အာမခံအလုပ်သမားများ ခံစားရမည့်အကျိုးခံစားခွင့်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးတာဝန်ခံအရာရှိက မြန်မာ့မီးရထား(သာစည်စက်ခေါင်းရုံ)မှ အာမခံအလုပ်သမား ဦးအောင်နိုင်စိုး၏ အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူငွေလုံးငွေရင်းအကျိုးခံစားခွင့် ငွေကျပ် ၁၀၈ သိန်းတိတိကို သေဆုံးသူ၏ဇနီးဒေါ်ဝေသဇင်မြင့်ထံ ပေးအပ်ခဲ့ကြောင်းသိရသည်။ ထို့နောက် အကျိုးခံစားခွင့်ရရှိသူ၏ကိုယ်စား မြန်မာ့မီးရထားတိုင်းအမှတ်(၄)ရွှေညောင်မှ အင်ဂျင်နီယာမှူးဦးသန်းဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။

အကျိုးခံစားခွင့်ထုတ်ပေးပွဲသို့ မြန်မာ့မီးရထားမှတာဝန်ရှိသူများ၊ သာစည်စက်ခေါင်းရုံမှတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အလုပ်ဌာနများမှ တာဝန်ရှိသူများနှင့် မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံးနှင့် ဆေးခန်းမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သာစည်မြို့နယ် လူမှုဖူလုံရေးအဖွဲ့ရုံးတွင် မှတ်ပုံတင်ထားသောအလုပ်ဌာန ၁၀၉ ဌာန၊ မှတ်ပုံတင်ထားသောအလုပ်သမား ၄၃၁၆ ဦးရှိကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အလုပ်သမား ၁၄၁၄ ဦးတို့အတွက် အကျိုးခံစားခွင့်ငွေကျပ် သိန်းတစ်ထောင်ကျော်ထုတ်ပေးခဲ့ကြောင်း မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံးမှ ဦးစီးအရာရှိဒေါ်ဂျိုတီးထံက သိရသည်။

မြို့နယ်ပြန်/ဆက်