ပိုင်ကျုံ ဇွန် ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ ရေစီးရေလာကောင်းမွန်စေရေးအတွက် ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက် စံပယ်လမ်းရှိ လမ်းဘေးဝဲယာတွင် အုတ်စီပလက်ဖောင်း ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းကို မေလ ၂၀ ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယနေ့ထိ ၉၀ ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေ ကျပ် (၃၉.၀၈)သန်းဖြင့် အရှည် ၅၀၂ ပေ၊ အကျယ် ၂ ပေ၊ အမြင့် ၃ ပေရှိပြီး လုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများတို့က အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုလုပ်ငန်းများပြီးစီးပါက မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပလာမည့်ဖြစ်ပြီး ဒေသခံပြည်သူများတို့၏ လူနေမှုဘဝမြှင့်မားလာမည့်အပြင် သွားရေးလာရေးအတွက် ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)