လွိုင်လင် ဇွန် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ နောင်လိုင်ကျေးရွာအုပ်စု လွယ်ချယ်ဒေသ၊ ကောင်းခဲတောရ တောင်တော်ပေါ်တွင် တည်ထားကိုးကွယ်သည့် ဉာဏ်တော်အမြင့် ၁၀၈ ပေရှိ သစ္စာမဏ္ဍိုင် ရွှေတိဂုံပုံတူ စေတီတော်မြတ်ကြီး ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်အထွဋ်တင်လှူပွဲကို ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
အဆိုပါစေတီတော်ကြီးထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်အထွဋ်တင်လှူပွဲသို့ လွိုင်လင်တပ်နယ်မှူး၊ ခရိုင်/ မြို့နယ် ၊စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လွယ်ချယ်ဒေသ ပအိုဝ်းပြည်သူ့စစ်ဌာနေမှတာဝန်ရှိသူများ လွိုင်လင်၊ ပင်လုံ၊ နမ့်စန်၊ မိုင်းပွန်နှင့် ရပ်နီးရပ်ဝေးမှ တိုင်းရင်းသားများ စည်ကားသိုက်မြိုက်စွာတက်ရောက်ကြသည်။ ရွှေထီးတော်အထွဋ်တင်လှူရန် မင်္ဂလာအချိန်တွင် ဆရာတော်သံဃာ တော်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ရွှေထီးတော်ဘုံအဆင့်ဆင့်ကို ထီးတော်တင်ယာဉ်ပေါ် ပင့်ဆောင်တင်လှူပူဇော်ကြပြီး မင်္ဂလာ ရွှေမိုးငွေမိုးများရွာသွန်းကြသည်။ မွန်းတည့် ၁၂ နာရီအချိန်တွင် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကြောင်း သိရသည်။
လွိုင်လင်မိုး (ခရိုင်ပြန်/ဆက်)