မိုင်းရှူး ဇွန် ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်းတွင် လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် အလယ်တန်းပြဆရာမ ဒေါ်ခင်ဆွေနုက လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်နှင့် ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဖြစ်စဉ်များအကြောင်း ဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက လူကုန်ကူးမှု၏သမိုင်းအကြောင်း၊ လူကုန်ကူးခံရနိုင်သည့် အခြေအနေနှင့် လူကုန်ကူးသူများအသုံးပြုသောနည်းလမ်းများကို ဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)