ဝမ်းတွင်း ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ဟောပြောပွဲ၊ ဓါတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ဝမ်းတွင်း) ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောက အခြေခံပညာကျောင်းများတွင် ဟောပြောပွဲနှင့်ပြပွဲများ လာရောက်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှူနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများအား ဗဟုသုတရဖွယ် အစီအစဥ်များဖြင့် ပြန်လည်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ဓါတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲသို့ ဦးစီးအရာရှိဒေါ်မူမြစောနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူ (၁၂၇)ဦးတို့ တက်ရောက်ခဲ့ကြသည်။
ကိုရဲ(ဝမ်းတွင်း)