နေပြည်တော် ဇွန် ၂၀
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်တွင် နေပြည်တော်အားကစား အသင်းများ ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ ပဉ္စမအကြိမ်အမျိုးသားအားကစား ပွဲတော်ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အားကစားပြိုင်ပွဲများကို လစဉ် စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲများတွင် နေပြည်တော်ကိုယ်စားပြုအသင်းများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း၊ ယခု နေပြည်တော်တွင် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် နေပြည်တော်အားကစားအသင်းများ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း၊ နေပြည်တော်အားကစားအသင်းများ ပါဝင်ယှဉ်ပြိုင်အောင်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရာ အားကစားနည်းအလိုက် အားကစားသမားရွေးချယ်မှု၊ အားကစားနည်းစနစ်များကို ကျွမ်းကျင်စွာစနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်ရေး၊ လေ့ကျင့်မှုများအတွက် အသေးစိတ်စီမံဆောင်ရွက်ထားဖို့ လိုအပ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် နေပြည်တော်အားကစားအသင်းများ အောင်နိုင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက နေပြည်တော်အားကစားအသင်းများ အားကစားနည်းအလိုက် ဝင်ရောက်ယှဉ်ပြိုင်မည့်အခြေအနေနှင့် အားကစားသမားများရွေးချယ်မှု၊ လေ့ကျင့်မှုနှင့် အောင်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေး လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် ကော်မတီအသီးသီးမှဥက္ကဋ္ဌများက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် နေပြည်တော်အားကစားအသင်းများ ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တက်ရောက်လာသည့် အားကစားနည်းအလိုက် အောင်နိုင်ရေးကော်မတီဥက္ကဋ္ဌများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)