ဇေယျာသီရိ ဇွန် ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း စပါးတိုက်ရိုက်မျိုးစေ့ချ ကိရိယာ (Drum Seeder) ဖြင့် ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး တောင်သူများဖြင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက သစ်တပ်ကျေးရွာအုပ်စု၊ ရှားစေးဖိုကျေးရွာ ဘက်စုံသုံးခန်းမ၌ တွေ့ဆုံဆွေးနွေး ခဲ့သည်။
ဆွေးနွေးပွဲတွင် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဇေထက်အောင်က စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးပါက အပင်ပေါက် ညီညာခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ ဆေးဖြန်းရလွယ်ကူခြင်း၊ ပေါင်းမြတ်ကင်းစင်ရလွယ်ကူခြင်း၊ မျိုးကွဲနုတ်ပယ်ရလွယ်ကူခြင်း၊ ပိုးမွှားရောဂါ ကင်းထောက်စစ်ဆေးရလွယ်ကူခြင်း၊ အထွက်နှုန်းကောင်းမွန်ခြင်း၊ မျိုးစေ့ကုန်ကျမှုသက်သာခြင်း စတဲ့အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့်လည်း စပါးမျိုးစေ့ချကိရိယာဖြင့် ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရန်အတွက် အခက်အခဲများရှိပါက တင်ပြဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြေသိန်းက စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စပါးတိုက်ရိုက်မျိုးစေ့ချ ကရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးပါက နည်းပညာပိုင်း ကူညီဆောင်ရွက်ပေးမည့်အရာများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် တောင်သူများက စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) ဝယ်ယူသုံးစွဲနိုင်ရေး အခြေအနေများအား တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက စက်မှုလယ်ယာဦးစီးဌာနနှင့် ချိတ်ဆက်၍ စပါးစိုက်တောင်သူများ စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)