ဇေယျာသီရိ မေ ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဖွင့်လှစ်သည့် အပင်မျိုးမွေးမြူရေးနည်းပညာဆိုင်ရာ မွမ်းမံသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးခန်မ၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် အပင်မျိုးမွေးမြူရေးဘာသာရပ်၏ အခြေခံသဘောတရားများ၊ အဆင့်မြင့်နည်းပညာများကို ပိုမိုသိရှိနားလည်လာစေရန်၊ အပင်မျိုးသစ် မွေးမြူထုတ်လုပ်သည့် စိုက်ပျိုးရေးပညာရှင်များ၏ အပင်မျိုးသစ် မွေးမြူရွေးချယ်ထုတ်လုပ်ခြင်း ဆိုင်ရာစွမ်းဆောင်ရည်များ ပိုမိုမြင့်မားလာနိုင်စေရန်နှင့်အတွက် သင်တန်းတွင် အပင်မျိုးရွေးချယ်ခြင်းရဲ့အရေးပါပုံ၊ မျိုးရွေးချယ်ခြင်းလုပ်ငန်းများတွင် အပင်ဗီဇမျိုးကွဲများရဲ့ အသုံးဝင်ပုံစတဲ့ဘာသာရပ်များကို သင်ကြားပို့ချခဲ့ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်ကြားတတ်မြောက်လာသည့် အပင်မျိုးမွေးမြူရေးဘာသာရပ်များကိုအသုံးပြု၍ သီးနှံမျိုးသစ်များ မွေးမြူ ထုတ်လုပ်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေလိုကြောင်းနှင့် နည်းပညာပိုင်းအခြေခံမှ အဆင့်မြင့်နည်းပညာသင်ကြားပေးခြင်းကြောင့် နိုင်ငံတော်အတွက်အကျိုးရှိသည့် မျိုးမွေးမြူရေးအစီအစဉ်များ ထွက်ပေါ်လာစေရေး ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် စပါးသီးနှံသုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာပပဝင်းက မွမ်းမံသင်တန်း နှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးတင်ပြခဲ့သည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းတွင် ဆုရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရုံးချုပ်မှ သင်တန်းသား၊ သင်တန်းသူ ၇၃ ဦး ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ စိုက်ပျိုးရေးသုတေသနခြံများနှင့် ဒေသသုတေသနဗဟိုဌာနများမှ online ဖြင့်တက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူ ၇၈ ဦး စုစုပေါင်း ၁၅၁ ဦး တက်ရောက်ခဲ့ပြီး မေလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)