ညောင်ဦးမြို့၌ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း ဖွင့်လှစ်

ညောင်ဦး  ဖေဖေါ်ဝါရီ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲတွင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးထွဋ်ဆွေက မန္တလေးတိုင်းအတွင်းရှိ အသေးစားနှင့်အလတ်စား လုပ်ငန်းရှင် များ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရန်၊ စီးပွားရေးအခွင့်အလမ်းများ မြှင့်တင်ရန်၊ လူငယ်နှင့် အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် အကြံဉာဏ်များဖန်တီးပေးရန် ရည်ရွယ် ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) မှ Program Manager မိုင်မေထားဖွိုင်ဗေါ့မှ UNDP ၏ မြန်မာပြည်တွင်း အကောင်အထည်ဖော်ဆောင်နေသည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးပြီး ညောင်ဦးမြို့၊ မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဈေးကွက်လေ့လာခြင်း၊ ဈေးကွက်ဖော်ဆောင်ထိုးဖောက်မည့် အစီအစဉ်ရေးဆွဲခြင်း၊ စီးပွားရေး နှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် အရောင်းအဝယ်၊ အရှုံးအမြတ်စာရင်းရေးဆွဲခြင်း၊ အနာဂတ်အတွက် စီးပွားရေးအစီအစဉ်များရေးဆွဲခြင်း၊ စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာ ဘာသာရပ်နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ခြင်း ဘာသာရပ်များကို လုပ်ငန်းစတင်လုပ်ကိုင်လိုသူများနှင့် လုပ်ငန်းဆက်လက် တိုးချဲ့လိုသူများအတွက် သင်တန်းအမျိုးအစား (၂) ခုခွဲ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးထွဋ်ဆွေက ပြောကြားသည်။

အဆိုပါသင်တန်းကို ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) နှင့် မြန်မာ့အသေးစား နှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန (MSMEs Agency)၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသို့ ညောင်ဦးမြို့ပေါ်နှင့် ကျေးရွာရပ်ကွက်များမှ သင်တန်းသား/ သင်တန်းသူ (၇၀) ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ဖေလိန်း(ပုဂံ)