တနိုင်း နိုဝင်ဘာ ၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက်(၆)နာရီအချိန်မှစတင်၍ ဆန္ဒမဲများ စတင်ပေးအပ်နေပြီဖြစ်ကြောင်း သိရသည်။
ဆန္ဒမဲများပေးအပ်ရာတွင် တနိုင်းမြို့နယ် ဆာင်မ်ဆာ့ရပ်ကွက်၊ အ.ထ.က(၂) ကျောင်းမဲရုံအမှတ်(၁၁)တွင် နံနက်(၆)နာရီအချိန်မှစတင်၍ ပြည်သူများတက်ကြွစွာစီတန်း စောင့်ဆိုင်းကာ ဆန္ဒမဲများလာရောက်ပေးအပ်လျက်ရှိသည်။
ဆာင်မ်ဆာ့ရပ်ကွက်၊ အ.ထ.က(၂) ကျောင်းမဲရုံအမှတ်(၁၁)တွင် မြန်မာစံတော်ချိန် နံနက်(၆)နာရီထိုးသည်နှင့် တစ်ပြိုင်နက် မဲရုံမှူးမှ မဲရုံစတင်ဖွင့်လှစ်ကြောင်းကြေညာပြီး ဆန္ဒမဲပုံးများထောင်ပြစစ်ဆေးခြင်းနှင့် မဲပုံးချိတ်ပိတ်ခြင်းကို စောင့်ကြည့်သူ ပါတီအသီးသီးရှေ့တွင် ပြသဆောင်ရွက်ခဲ့သည်။ ဆန္ဒမဲ လာရောက်ပေးအပ်သူများအား မြို့နယ်ကျန်းမာရေးဝန်ထမ်းများမှ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်သန့်ဆေးရည် ပက်ဖြန်း ပေးခြင်းနှင့် mask များဝေငှပေးလျက်ရှိကြောင်းသိရသည်။ အဆိုပါမဲရုံအမှတ်(၁၁)တွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူပေါင်း (၂၄၂၄)ဦးရှိပြီး မြို့နယ်ချုပ်အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူစုစုပေါင်း(၃၄၃၄၉)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)