ချင်းရွှေဟော် နိုဝင်ဘာ ၇
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင် နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များ သို့ ပြန်လည်ရောက်ရှိနိုင်ရေး အတွက် စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့၊ ညနေ(၅)နာရီ အချိန်က နေရပ်ပြန် ပြည်သူ(၇)ဦး ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။
အဆိုပါ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူ(၇)ဦးမှာ အမျိုးသားငါးဦး၊ အမျိုးသမီးနှစ်ဦးတို့ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်မှနှစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မှတစ်ဦး၊ ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်မှ တစ်ဦး၊ တန့်ယန်းမြို့နယ်မှတစ်ဦး၊ သီပေါမြို့နယ်မှတစ်ဦးနှင့် လောက်ကိုင်မြို့နယ်မှတစ်ဦးတို့ ဖြစ်သည်။
၎င်းနေရပ်ပြန်ပြည်သူ(၇)ဦးအား ချင်းရွှေဟော်မြို့တွင် ခေတ္တ အသွားအလာကန့်သတ်ထားရှိပြီး ချင်းရွှေဟော် ပြည်သူ့ ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးခဲ့ရာ နေရပ်ပြန်ပြည်သူ အားလုံးတို့မှာ ရောဂါပိုးမတွေ့ရှိ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက သက်ဆိုင်ရာဒေသများသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။
ထိုသို့ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား(၈၇၀၉)ဦးနှင့် အမျိုးသမီး(၇၀၃၆)ဦး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၅၇၄၅)ဦးတို့ကို လွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)