မံစီ နိုဝင်ဘာ ၆
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်မောင်က အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များ ကို ကဏ္ဍအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မြို့နယ်အတွင်းသို့ ပြည်တွင်း ပြည်ပမှ ဒုတိယအကြိမ် ရောက်ရှိလာသည့် ပုံစံ(၅)ဖြင့် တောင်းဆိုထားသည့် မဲဆန္ဒရှင်(၂၀)ဦး၏ ကြိုတင်ဆန္ဒမဲ လက်မှတ်များကို ကိုယ်စားလှယ်များ၏ ရှေ့မှောက်၌ မြို့နယ်ကြိုတင်ဆန္ဒမဲပုံး အတွင်းသို့ ထည့်သွင်းရေတွက်ပြ ခဲ့ကြောင်း သိရသည်။
ရိန် (ပြန်/ဆက်)