ရပ်စောက်မြို့၌ စက်သုံးဆီဆိုင်ဝန်ထမ်းများအား အခြေခံမီးသတ်ပညာရပ်ပို့ချခြင်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ရပ်စောက် မတ် ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ စက်သုံးဆီဆိုင်ဝန်ထမ်းများအား အခြေခံမီးသတ်ပညာရပ်ပို့ချခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဖြိုးမင်းမှ သင်တန်းသားများအား နှုတ်ခွန်းဆက်အဖွင့်အမှာစကားနှင့် သင်တန်း၏ရည်ရွယ်ချက်ဖြစ်သော စက်သုံးဆီဆိုင်များတွင် မီးလောင်မှုမဖြစ်ပွားစေရေးနှင့် ဖြစ်ပွားလာပါက အလျှင်အမြန် တုန့်ပြန်ဆောင်ရွက်ရေးစသည့် ရည်ရွယ်ချက်များဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မီးလောင်မှုအခြေခံသဘောတရား၊ လောင်စာဆီများ၏သဘောသဘာဝ၊ စက်သုံးဆီဆိုင်များတွင် ဖြစ်ပွားလေ့ရှိသည့် မီးလောင်မှုများ၊ မီးသတ်ဆေးဘူးနှင့် အမြုတ်မီးသတ်ဆေးရည်များအသုံးဝင်ပုံ၊ စက်သုံးဆီဆိုင်များအတွင်းလိုက်နာရမည့် စည်းကမ်းချက်များ၊ လက်တွေ့မီးငြှိမ်းသတ်နည်းများကို မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက စက်သုံးဆီဆိုင်ဝန်ထမ်း သင်တန်းသားများအား စနစ်တကျ လေ့ကျင့်သင်ကြား ပေးခဲ့ကြောင်း သိရသည်။

          အဆိုပါသင်တန်းအား မတ်လ ၁၈ ရက် မှ ၂၂ ရက်နေ့အထိ (၅)ရက်တာ လေ့ကျင့်သင်ကြား ပို့ချပေးခဲ့ပြီး သင်တန်းသို့ ရပ်စောက်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များမှ ဝန်ထမ်း(၂၄)ဦးတို့က တက်ရောက်သင်ကြားခဲ့ကြောင်း မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးထံမှသိရှိရသည်။

မြို့နယ်ပြန်/ဆက်