ပူတာအိုမြို့၌ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဆင်း

ပူတာအို   မတ်   ၂၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အသေးစား၊ အငယ်စားစီးပွားရေး လုပ်ငန်းများပေါ်ထွန်းလာစေရန်၊ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးခြင်းအားဖြင့် ပြည်သူများဝင်ငွေတိုးပွားလာစေရန်၊ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင် လုပ်ငန်းများ ထူထောင်လုပ်ကိုင်လာ နိုင်စေရန်နှင့်အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်နည်းပညာများ သင်ကြားပေးခြင်းအားဖြင့် ဆိုင်ကယ်ပြင်ဆိုင်များတိုးပွားလာကာ ခရီးသွားပြည်သူများအတွက် အထောက်အကူဖြစ်စေရန်ရည် ရွယ်ဖွင့်လှစ်ခဲ့သည့် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို မတ်(၂၀)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဉယျာဉ် ခရန်ခူးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ကိုယ်စား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဟန်စိုးဦးက သင်တန်းဆင်းအမှာစကားပြောကြားပြီး ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဖြိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်း လင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး၊ ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်ခိုင်တို့က သင်တန်းထူးချွန်ဆုရ သင်တန်းသားသုံးဦးအား လက်သုံးကိရိယာ များပေးအပ်ပြီး ခရိုင်အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းဆင်း လက်မှတ်များကို သင်တန်းသားတစ်ဦးထံပေးအပ်ကာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက သင်တန်းဖွင့်လှစ်ပေးခြင်း အပေါ်ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

အဆိုပါသင်တန်းသို့ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသားစုစုပေါင်း(၂၀)ဦးတို့အား မော်တော်ဆိုင်ကယ်အစိတ်အပိုင်းများနှင့် အလုပ်လုပ်ပုံ၊ ဆိုင်ကယ်ကိုယ်ထည် ကာဗာများ ဖြုတ်/တပ်ခြင်း၊ ကာဗျူရေတာ ဖြုတ်/တပ်စစ်ဆေးခြင်း၊ အင်ဂျင်ဟက်နှင့် အင်ဂျင်ဘလောက်များ ဖြုတ်/တပ်စစ်ဆေးခြင်း၊ သံလိုက် အုံနှင့်ကလပ်အုံ ဖြုတ်/တပ်စစ်ဆေးခြင်း၊ ဂီယာဘောက် ဖြုတ်/တပ်စစ်ဆေးခြင်း၊ မော်တော်ဆိုင်ကယ် မီးပေး စနစ်ပိုင်းဆိုင်ရာချိတ်ဆက် အလုပ်လုပ်ပုံများနှင့် သွယ်တန်းခြင်းများကို  ဖေဖော်ဝါရီ(၂၀)ရက်မှ မတ်(၂၀) ရက်နေ့အထိ သင်တန်းကာလတစ်လကြာ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြများက စာတွေ့(၃၀) ရာခိုင်နှုန်း လက်တွေ့(၇၀)ရာခိုင်နှုန်း သင်ကြားပို့ချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 (ခရိုင်ပြန်/ဆက်)