မိုင်းယောင်း ဖေဖော်ဝါရီ ၂၅
မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် မိုးလုံ လေလုံအားကစားရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်နှင့် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသုနောင်မိုးလှိုင်တို့က အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမင်းသိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမြင့်ဦး၊ စည်ပင် သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်ကျော်နှင့် မြို့နယ်ကြက်ခြေနီ ဒုတိယတပ်ရင်းမှူး ဦးသန့်ဇင်ဦးတို့က အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus စတင်ဖြစ်ပွားမှုနှင့် ကူးစက်ပျံ့နှံ့နေမှု၊ ရောဂါ၏လက္ခဏာများ၊ ကြိုတင်ကာကွယ်ရန် လိုက်နာရမည့် အရေးပါသည့် ဆောင်ရန်/ရှောင်ရန် အချက်များ၊ လူထူထပ်သည့် နေရာများသို့ သွားလာပါက နှာခေါင်းစည်း တပ်ကြရန်၊ နှာချေချောင်းဆိုးသည့်အခါ အသုံးပြုသည့် လက်ကိုင်ပါဝါ(သို့မဟုတ်) တစ်ရှူးစ များကို စနစ်တကျ စွန့်ပစ်ကြရန်၊ လက်ကိုစင်ကြယ်အောင် မကြာခဏ ဆေးကြောသင့်ကြောင်း နှင့် ကျန်းမာရေးသိကောင်းစရာများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus နှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မင်းသိန်းက ပြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စကားဝိုင်းသို့ မြို့ပေါ်ကိုးရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်းမှ ဒေသခံ ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းနှင့် လူငယ်များ စုစုပေါင်း ၃၀၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်သူ့စကားဝိုင်း(Public Talk) ကို ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်နှင့်အညီ အများပြည်သူများနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမည့် အကြောင်းကိစ္စများကို ဆွေးနွေး ပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးရန်၊ မိမိရပ်ရွာဒေသမှာ ဖြစ်ပေါ် နေသည့် အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများရှိလာစေရန်၊ ပြည်သူ လူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲ များတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)