တနိုင်း နိုဝင်ဘာ ၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် နမ္မတီး - တနိုင်း - ရှင်ဗွေယန်လမ်းပိုင်းရှိ တဝမ်ချောင်းချဉ်းကပ်လမ်းနှင့် တံတားအသစ်အား ဖောက်လုပ်ပြီးစီးပြီဖြစ်၍ အဆိုပါ လမ်းနှင့်တံတားအသစ်တွင် ဖြတ်သန်းသွားလာနိုင်ရေးအတွက် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အခမ်းအနား ကို ယမန်နေ့ မွန်းတည့် (၄) နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
တနိုင်းမြို့နယ်၌ အောက်တိုဘာလ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် နမ္မတီး- တနိုင်း- ရှင်ဗွေယန်လမ်းပိုင်း 125.3KM နှင့် 153.0KM ကြားတွင် ယခင်အသုံးပြုနေသော တဝမ်ချောင်းချဉ်းကပ်လမ်းနှင့် တံတားမှာ ရေတိုက်စားခံရ၍ ပြိုကျပျက် စီးသွားခဲ့ပြီး လမ်းကြောင်းပြတ် တောက်မှုများဖြစ်ပွားခဲ့သဖြင့် လမ်းလွဲ အသစ် လျင်မြန်စွာ ဖောက်လုပ်ပြီးစီးနိုင်ရန်အတွက် အောက်တိုဘာလ (၂၆)ရက်နေ့မှ (၂၇)နေ့အထိ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး၊ ပြည်နယ်လမ်း ဦးစီးဌာနမှူး၊ မြစ်ကြီးနားခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်လမ်းဦးစီးမှူးနှင့် မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး)တို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အောက်တိုဘာလ (၂၈)ရက်နေ့မှစတင်၍ လမ်းပျက်စီးမှုများအား လမ်းဦးစီးဌာနမှ ပြုပြင်ဆောက်လုပ်ခဲ့ရာ နိုဝင်ဘာလ(၂)ရက် နေ့တွင် လမ်းလွှဲဖောက်လုပ်ခြင်း(၂၂၅၀)ပေနှင့် (၃)လွှာ (၁)ထပ် တံတားဘောင် ဘေလီတံတား(T/S) အရှည်(၉၀)ပေ၊အကျယ်(၃၀)ပေအား ဖောက်လုပ်ပြီး ပြီးစီးခဲ့ပြီဖြစ်၍ နိုဝင်ဘာလ(၃)ရက်နေ့မွန်းတည့်(၄)နာရီ အချိန်တွင် အဆိုပါလမ်းသစ်အားမော်တော်ယာဉ်များဖြင့် ဖြတ်သန်းဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးဇော်ဝင်း၊ ခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းခိုင်ထွေး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ(မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ ကြကြောင်းသိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)