မတ္တရာ မတ် ၅
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင် အသက်(၂)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ မတ်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးရာတွင် (၂)လသားအရွယ်မှ အသက်၁နှစ်ခွဲအထိ ကလေးငယ်များအား ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး (အိုင်ပီဗွီ)၊ ဂျပန်ဦးနှောက် ရောင်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေး(၁၂)မျိုးတို့ကို ထိုးနှံပေးခြင်းနှင့် ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးများကို တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အသက် (၂) နှစ် အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင် ထိုးနှံဆောင်ရွက်ပေးလျက်ရှိပြီး ကိုယ်ဝန်ဆောင်များကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တို့တွင် ကျန်းမာရေးစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို သတ်မှတ်ထားသောရက်များ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)