တနင်္သာရီ မတ် ၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းများများအား မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌလမ်းညွှန်မှုနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ခံဆရာဝန် ဒေါက်တာနွေးဟေမာသင်း၏ ကြီးကြပ်မှုဖြင့် မတ်လ ၄ရက်နေ့မှ ၆ရက်နေ့အထိ (၃)ရက်အကြာ ဂျာမနီနိုင်ငံထုတ် Pfizer ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster) ထပ်ဆောင်းထိုးနှံပေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆရာမများနှင့်ဝန်ထမ်းများက ဆေးရုံသစ်အဆောင်အတွင်း ဆောင်ရွက်ပေးကြကြောင်း သိရသည်။
ထိုသို့ Pfizer ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ရှေးဦးစွာ ကာကွယ်ဆေးထိုးစဉ် ဓါတ်မတည့်မှု ရှိ/မရှိမေးမြန်းပြီး သွေးပေါင်ချိန်ပေးခြင်း၊ ဆီးချိုရောဂါစစ်ပေးခြင်း၊ မောနေသူဖြစ်ပါက အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ အဖျားရှိ/မရှိတိုင်းပေးခြင်းများ ဆောင်ရွက်ပြီးမှ ဆေးထိုးစာရင်းသွင်း၍ Pfizer ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထပ်ဆောင်းထိုးနှံပေးကြောင်း၊ ဆေးထိုးပြီးပါက အနည်းဆုံး (၁၅)မိနစ်ခန့် စောင့်ဆိုင်းစေကာ ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး ဆေးအဆိမ့်သင့်မှုမရှိမှ ပြန်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(၃၇၁)ဦးအား ပထမဦးစားပေးအစီအစဉ်ဖြင့် ထိုးနှံပေးလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းများ၏မိသားစုဝင်များနှင့် ပြည်သူလူထုတို့အား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)