ကျောက်တလုံးကြီး မတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများဆွေးနွေးပွဲကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ကျောက်တလုံးကြီးမြို့အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ ဥပဒေဆိုင်ရာအကြောင်းအရာများ၊ စစ်မှုထမ်းရမည့် အသက်အရွယ် အပိုင်းအခြား သတ်မှတ်ထားရှိမှု၊ ပြည်သူ့စစ်မှုထမ်းရန် ကြာမြင့်မည့် အချိန်ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ရှောင်လွဲပါက ကျခံရမည့်ပြစ်ဒဏ်များ၊ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် စိုးရိမ်ရန်မလို စသည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ကော်မတီများ ဖွဲ့စည်းထားရှိမှုအခြေအနေ စသည်တို့ကို ရှင်းလင်းဆွေးနွေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ကြေညာချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ လူမှုကွန်ယက်စာမျက်နှာများတွင် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် ကောလဟာလသတင်းများ ပြန့်နှံ့လာမှုအပေါ် ယုံကြည်မှုမရှိစေရန်နှင့် သတင်းမှန်များကို သိရှိစေရန် နိုင်ငံတော်မှ အချိန်နှင့်တပြေးညီ ထုတ်ပြန်ထားရှိမှုအခြေအနေများအား လေ့လာဖတ်ရှုရန် စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းနှင့် ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
ဇော်နိုင်လင်း