တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း သဘောတူစာချုပ်များကို ပြင်ဆင်သည့် ပထမအကြိမ်ပြင်ဆင်ချက်စာချုပ်များအား လက်မှတ်ရေးထိုးချုပ်ဆိုမည့်အခမ်းအနားသို့ တက်ရောက်

ထားဝယ် မတ် ၆

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Petro & Trans Co.,Ltd တို့အကြား ချုပ်ဆိုခဲ့သည့် ထားဝယ်ခရိုင်နှင့် မြိတ်မြို့နယ်တို့အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း သဘောတူစာချုပ်များကို ပြင်ဆင်သည့် ပထမအကြိမ်ပြင်ဆင်ချက်စာချုပ်များအား လက်မှတ်ရေးထိုးချုပ်ဆိုမည့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ထားဝယ်ခရိုင်နှင့်မြိတ်မြို့နယ်တို့အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း သဘောတူစာချုပ်သည် (၄)နှစ်စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီးဖြစ်သောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားကြရန်လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးအား အကြောင်းအမျိုးမျိုးကြောင့် လိုအပ်သော Second Wave  ဂက်စ်တာဘိုင်ဖြစ်သွားမည်ဆိုပါက အစားထိုးပြီးချက်ချင်းလည်ပတ်ပြင်ဆင်နိုင်အောင် လုပ်ဆောင်နိုင်သော နည်းလမ်းများအပါအဝင် သွယ်တန်းထားသော ကေဘယ်လ်ကြိုးသာမက ထပ်မံသွယ်တန်းပြီး ဆောင်ရွက်ပေးသွားကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Petro & Trans Co.,Ltd တို့အကြား ချုပ်ဆိုခဲ့သည့် ထားဝယ်ခရိုင်နှင့် မြိတ်မြို့နယ်တို့အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း သဘောတူစာချုပ်များကို ပြင်ဆင်သည့် ပထမအကြိမ်ပြင်ဆင်ချက် စာချုပ်များအား လက်မှတ်ရေးထိုးခဲ့ကြသည်။

ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Petro & Trans Co.,Ltd ဒါရိုက်တာနှင့်အဖွဲ့များတို့က မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)