မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် နွေရာသီမြန်မာ့ရိုးရာ ခြင်းလုံးသင်တန်း ဆက်လက်သင်ကြား

မြစ်သား မတ် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်နှင့် မြို့နယ်မြန်မာ့ရိုးရာခြင်းလုံးဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ မြန်မာ့ရိုးရာခြင်းလုံး(အခမဲ့)သင်တန်းကို ယမန် နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆက်လက်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်နည်းပြနှင့်ဒိုင်လူကြီး ဦးအေးချစ်က လူငယ်လူရွယ်များကျန်းမာကြံ့ခိုင်လာစေရန်၊ အချင်းချင်းစည်းလုံးညီညွတ်မှုရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး ဖေးမကူညီပေးတတ်မှုရှိစေရန်၊ မြန်မာ့ရိုးရာခြင်းလုံးပညာကို မြတ်နိုးတန်ဖိုးထားတတ်စေသော မျိုးဆက်သစ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ရိုးရာအမွေအနှစ်ဖြစ်သော ရိုးရာခြင်းလုံးပညာကိုလည်း ဆက်လက် ထိန်းသိမ်းတတ်စေရန်၊ နွေရာသီမြန်မာ့ ရိုးရာခြင်းလုံးသင်တန်းကို နှစ်စဉ်သင်ကြားပို့ချရခြင်း ဖြစ်ကြောင်း၊ အခြေခံထိ(၆)ချက် ခြင်းကစားနည်းများအပြင် ခြင်းကြီး(၁၀)မျိုး၊ ခြင်းလတ်(၁၀)မျိုး၊ ခေတ်ဆန်းခြင်း(၁၀)မျိုး ခြင်းခတ်ကစားနည်းများကို သင်တန်းသား  တစ်ဦးချင်းစီ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မတ်လ (၄)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အထိ သင်တန်းကာလ(၁)လကြာ မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ သင်တန်းသား (၂၅)ဦးဖြင့် နေ့စဉ်လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သီတာအောင်(မြစ်သား)