စဉ့်ကိုင်မြို့နယ် မြို့မဈေးအတွင်း၌ မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်ခြင်း လက်တွေ့သရုပ်ပြသ

စဉ့်ကိုင် မတ် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့မဈေးအတွင်း၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်  မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကာ မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်ခြင်း လက်တွေ့သရုပ်ပြသခြင်း အခမ်းအနားကို  ယနေ့နံနက် ၉နာရီက  ပြုလုပ်ခဲ့ရာ စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ အဖွဲ့ဝင် (၂) ဦးရွှေခိုင်၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး‌စောအောင်မျိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှူဆောင်အရာရှိ ဦးလှဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကြည်ဇော်ထိုက်နှင့် သရုပ်ပြမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဈေးသူဈေးသားများ အသီးသီးတက်ရောက်ခဲ့ကြကြောင်းသိရသည်။       

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် (၂) ဦးရွှေခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်ဇော်ထိုက်က ဈေးသူ/သားများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပတ်သတ်၍ အသိပညာပေးဆွေးနွေးခဲ့သည်။ ထို့နောက် မြိုနယ်စည်ပင်သာယာ‌ရေးအဖွဲ့ အမှု‌ဆောင်အရာရှိ ဦးလှဝင်းက မိမိတို့အဖွဲ့အနေဖြင့် ဈေးအတွင်းမီးဘေးလုံခြုံရေးရှိစေရန် မီးငြှိမ်းသတ်ရေးပစ္စည်းများတပ်ဆင်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် စီမံချက်များ‌ရေးဆွဲဆောင်ရွက်နေမှုအခြေ‌အ‌နေများအား အသေးစိတ်ရှင်းလင်း‌ပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း‌ဖြေ‌ကြားခဲ့သည်။

၎င်းနောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦး‌ကြည်ဇော်ထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဈေးသူ/သားများနှင့်အတူ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြိမ်းသတ်ခြင်းကို လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခဲ့ပြီး ဈေးအတွင်း လှည့်လည်ကြည့်ရှုူစစ်ဆေးခဲ့ကြသည်။ ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျော်စွာ(စဉ့်ကိုင်)