လားရှိုးမြို့တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး စာစစ်ဌာန ကြီးကြပ်ရေးအဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်

လားရှိုး မတ် ၆

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနကြီးကြပ်ရေးအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အစည်းအဝေးတွင် လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက လားရှိုးမြို့နယ်အတွင်း စာစစ်ဌာနအသီးသီးတွင် ပြုလုပ်မည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ပြုလုပ်နိုင်ရေးအတွက် စာစစ်ဌာနကြီးကြပ်ရေးအဖွဲ့ဝင်များအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်နိုင်ကြရန်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာကိစ္စရပ်များ၊ မြို့ရွာသန့်ရှင်းသာယာလှပစေရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ  ရှင်းလင်းဆွေးနွေးမှာကြားသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်အုန်းဆန်းက လားရှိုးမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ဆောင်ရွက်ထားရှိသည့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများက မိမိတို့၏ဌာန၊ ရပ်ကွက်၊ကျေးရွာအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ၊  လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်က ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)