အမှတ်( ၂) အခြေခံပညာ အထက်တန်းကျောင်း၊ ယဥ်ကျေးလိမ္မာသင်တန်းတွင် စာဖတ်ရှိန် မြင့်မားရေး ဟောပြောဆွေးနွေး

အမရပူရ မတ် ၆

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသော ယဥ်ကျေးလိမ္မာ သင်တန်းသို့ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြင့်မားရေးအကြောင်းကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

စာဖတ်ရှိန် မြင့်မားရေးနှင့် ပတ်သက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှက အရွယ်နှင့်လိုက်ဖက်သည့် စာများ ဖတ်ကြရန်၊ စာဖတ်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပေးခဲ့သည်။ ထို့နောက် စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်သန္တာထွန်းက ကလေးငယ်များ စာပေအပေါ် စိတ်ဝင်စားလာစေရန် ကလေးများနှင့် ပတ်သက်သည့် ရုပ်ပြစာအုပ်များကို ဖတ်ပြဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ယဥ်ကျေးလိမ္မာ ဖွင့်လှစ်ရခြင်းအပေါ် ကျောင်းအုပ်ဆရာမကြီး ဒေါ်မွှေးမွှေးအုန်းက ကလေးတွေကို နံနက်ခင်းတိုင်းမှာ သံဃာတော် ၂ ပါးကို ပင့်ပြီး ယဥ်ကျေးလိမ္မာသင်ခန်းစာများကို သင်ကြားပေးစေပြီး၊ နေ့ခင်တိုင်းမှာ ကလေးငယ်တွေနဲ့ လိုက်ဖက်မည့် ခေါင်းစဥ်လေးတွေ ရွေးချယ်ကာ သက်ဆိုင်ရာ ဌာနတွေကို ဖိတ်ပြီး ကျန်းမာရေး၊ ဥပဒေဘောင်တွင်း နေထိုင်ခြင်း၊ စာဖတ်ရခြင်း အကျိုးကျေးဇူးစသည့် ခေါင်းစဥ်များဖြင့် ကလေးငယ်တွေ အသိပညာ ဗဟုသုတ ရအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် ကလေးငယ် ၁၄၀ ဦးကို မတ်လ ၁ ရက်နေ့မှ မတ်လ ၅ ရက်နေ့ထိ ငါးရက်ကြာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

စိုးသီဟ(အမရ)