မြစ်သား မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ မြင်းရွာကြီးကျေးရွာအုပ်စု ကွင်းအမှတ်(၆၃၀)ကွင်း၌ ကျေးလက်နေတောင်သူများသည် မြေအောက်ရေကိုအသုံးပြုကာ စိုက်ပျိုးထားသောသင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စျေးကောင်းရရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ မြင်းရွာကြီးကျေးရွာ၊ ဒိုင်းကျေးရွာ၊ မြနဒီကျေးရွာ၊ ရွာခိုင်ကြီးကျေးရွာ၊ ခရုထုတ်ကျေးရွာ၊ သရက်ပင်ကံစွယ်ကျေးရွာ၊ ရွှေလေးကျေးရွာ၊ ကဆွန်ကျေးရွာများမှ တောင်သူများသည် မြေအောက်ရေကိုအသုံးပြုပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ မြေအောက်ရေဖြင့် အဓိကစိုက်ပျိုးကြသည့် သီးနှံများဖြစ်သော ပဲအမျိုးမျိုး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ခရမ်းသီး၊ ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့အပြင်နှစ်ရှည်သီးနှံများဖြစ်သည့် မာလကာ၊ သင်္ဘော၊ သံပရာ စသည့်သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း သင်္ဘောကို မိုးဦးကာလဖြစ်သည့် နွားချေး၊ မြေဆွေး၊ နှုံမြေ၊ သဲတို့ဖြင့် ရောစပ်ပြီး ၅ လက်မ၊ ၉လက်မအိတ်များထဲသို့ ထည့်သွင်းပြီး တစ်အိတ်တစ်စေ့နှုန်းဖြင့် စတင်စိုက်ပျိုးကာ တစ်လသားအရွယ်တွင် ရွှေ့ပြောင်းစိုက်ပျိုးကြကြောင်း ပြောင်းရွှေ့မစိုက်ပျိုးမှီ သင်္ဘောစိုက်ပျိုးမည့်ယာကွက်ကို ကြိုတင်ထွန်ယက်ပြီး စိုက်ပျိုးမည့် တစ်ပင်နှင့်တစ်ပင် ၈ ပေခြားကာ အလျား၊ အနံ၊ ၂ပေ အနက် စိုက်ကျင်းများပြုလုပ်ပြီး စိုက်ကျင်းများထဲတွင် နွားချေး၊ နှုန်းမြေ၊ မြေဆွေးတို့ကို ဆတူရောပြီး ကြိုတင်ထည့်ထားကာ စိုက်ပျိုးရကြောင်း သိရသည်။
ယခုအခါ သင်္ဘောသီးကိုရောင်းချရာတွင် ၂ တင်းဝင် ဆာလာအိတ်တစ်အိတ်လျှင် (၁၈၀၀၀ိ/-)ကျပ်နှုန်း ရောင်းချရကြောင်း သင်္ဘောစိုက်ပျိုးသူ ဦးအောင်ကျော်မျိုးထံမှ သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)