မိုးနဲမြို့၌ ဆောင်းသီးနှံ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

မိုးနဲ မတ် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ ကျေးရွာအများစုတွင် စိုက်ပျိုးထားသော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ခူးဆွတ်ရိတ်သိမ်းချိန်တွင် နေကြာ‌အောင်စေ့များ ရရှိရန်နှင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း၊ စောစောစိုက်ပျိုးထားသူများမှာ ရိတ်သိမ်းနေရပြီဖြစ်ကြောင်း ဝမ်‌ယေးကျေးရွာနေ ဆောင်းနေကြာစိုက်ပျိုးသူ ဦးမျိုးအောင်က ပြောကြားသည်။

မိုးနဲမြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာကိုယခင်က စိုက်ပျိုးသူနည်ပါးသော်လည်း ယခုအခါ စားသုံးဆီဖူလုံရေး၊ မိသားစုအပိုဝင်ငွေရရှိရေးအတွက် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ နေကြာသီးနှံကို သီးထပ်၊ သီးညှပ်စိုက်ပျိုးကြသည့်အပြင် နေကြာတစ်မျိုးထဲ စိုက်ပျိုးကြသည်များလည်းရှိကြောင်း၊ ဆောင်းနေကြာစိုက်ပျိုးခြင်းအား စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ကြဲပက်စိုက်ပျိုးကြကြောင်း၊  နေကြာသက်တမ်း လေးလကြာလျှင် ရင့်မှည့် ခူးဆွတ်ကြရပြီး၊ ယခုနှစ်တွင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လည်းရေဆင်း-၁ စပ်မျိုးနေကြာ  မျိုးကောင်းမျိုးသန့်များကို  တိုးတက်စိုက်ပျိုးနိုင်ရန်အတွက် တောင်သူများ လက်ဝယ်အရောက် နေကြာမျိုးစေ့များ ဖြန့်ဝေပေးခဲ့ကြောင်း၊ ထွက်ရှိလာသည့် နေကြာများကို မိမိတို့  ဒေသရှိကြိတ်စက်များဖြင့် ကြိတ်ကာ နေကြာဆီအဖြစ် မိမိတို့ နေအိမ် မိသားစုစားသုံးဆီအပြင် ပြန်လည်ရောင်းချရာတွင် လည်း အဆင်ပြေလျက် ရှိကြောင်း သိရသည်။

ယခုနှစ်တွင် ဆောင်းနေကြာကို မိုးနဲမြို့နယ်အတွင်းရှိ ဝမ်ဟေကျေးရွာ၊ ဝမ်ယေးကျေးရွာ၊ ပန်အူကျေးရွာ၊ နားခံကျေးရွာနှင့် ဆိုက်ဖယ်ကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ဆောင်သီးနှံ နေကြာစိုက်‌ဧက (၄၃) ဧကကျော်စိုက်ပျိုးထားရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှလည်း နည်းပညာနှင့် သွင်းအားစုများကို လိုအပ်သလို ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မော်ဦး၏ ပြောကြားချက် အရသိရသည်။

မြို့နယ် (ပြန်/ဆက်)