၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဖားကန့်မြို့နယ်ရှိ တက္ကသိုလ်ဝင်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင်ခွင့်အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်အလိုက်ဆွေးနွေးပို့ချ

မိုးကောင်း မတ် ၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် အောင်ချက်မြင့်မားရေးအတွက် ဖားကန့်မြို့နယ်ရှိ တက္ကသိုလ်ဝင်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသများအား မိုးကောင်းမြို့နယ် အ.ထ.က (၂) ရတနာခန်းမ၌ ယနေ့ နံနက်(၉)နာရီတွင် ဘာသာရပ်အလိုက် ဆွေးနွေးပို့ချလျက်ရှိကြောင်း သိရသည်။

အခမ်းအနားတွင် မိုးညှင်းတက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာ မဉ္ဇူမင်းက တက္ကသိုလ်ဝင်ခွင့် အောင်ချက်မြင့်မားရေးနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ဘာသာရပ်အလိုက် ပါမောက္ခ (ဌာနမှူး) များနှင့် တွဲဘက်ပါမောက္ခများက နံနက်ပိုင်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်တို့ကိုလည်းကောင်း၊ နေ့လယ်ပိုင်းတွင် ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်ဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကိုလည်းကောင်း အသီးသီးပို့ချသင်ကြားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါဘာသာရပ်အလိုက် ဆွေးနွေးပို့ချရာတွင် ဖားကန့်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြ မည့် ကျောင်းသား၊ ကျောင်းသူ(၁၇၅)ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)