မြစ်ကြီးနား မတ် ၅
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနသည် လူငယ်ကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှုဖြင့်အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပုံမှန်ပညာရေး မသင်ယူနိုင်သော ထိခိုက်လွယ်အုပ်စုတွင်ပါဝင်သည့် ဆင်းရဲနွမ်းပါးသူများ၊ အမိမဲ့၊ အဖမဲ့များနှင့် ကိုယ်အင်္ဂါမသန်စွမ်းသည့် ကျောင်းပြင်ပပညာရေး အသက်မွေးဝမ်းကြောင်းဆိုင်ရာ ထူးချွန်ကျောင်းသား/သူများအား အသက်မွေးဝမ်းကြောင်း ပညာသင်စားရိတ် ထောက်ပံ့ငွေပေး အပ်ပွဲကို မတ် ၅ ရက် နံနက် ၁၁ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးအောင်သူက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်လူမှုဝန်ထမ်းဦးစီး ဌာနမှူး ညွှန်ကြားရေးမှူး ဦးသန်းအောင်က စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီပြီး အသက်မွေးဝမ်းကြောင်း ပညာရပ်များအား ဆက်လက်စည်းပူးသင်ယူနိုင်ရန် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် ပညာသင်ထောက်ပံ့ငွေ ပေးအပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။
ထို့နောက် အသက် (၁၅) နှစ်မှ (၃၅)နှစ်အကြားရှိ သတ်မှတ်ချက်များနှင့် ပြည့်စုံသူ (၇) ဦးအား တာဝန်ရှိသူများက ပညာသင်ထောက်ပံ့ငွေကျပ် (၇) သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြပြီး မြစ်ကြီးနားမြို့ ကိုယ်အင်္ဂါမသန်စွမ်းသူအသင်း တာဝန်ခံ ဦးရွှေထွန်း က ပညာသင်ထောက်ပံ့ငွေ ရရှိသူများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ယော်ဆောင် (ပြန်/ဆက်)