တာမွေ မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ၌ စျေးရောင်းချနေသော စျေးသူ/သားများအနေဖြင့် စားသုံးရန်မသင့်သော အသားချောင်းများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး စျေးကွက်အတွင်း ရောင်းချခြင်း မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်း၍ စားသုံးရန်မသင့်သည့် အသားချောင်းများနှင့် ပတ်သက်၍ အသိပညာပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
ထိုကဲ့သို့ စည်ပင်သာယာစျေးများ၌ စျေးရောင်းချနေသော စျေးသူ/သားများအား စားသုံးရန် မသင့်သော အသားချောင်းများနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် အဆိုပါ အသားချောင်းများတွင် ပါဝင်သည့် (Benzoic Acid၊ Sorbic Acid) စသည့် တာရှည်ခံ ဓာတုပစ္စည်းများ၏ လူ့ခန္ဓာကိုယ် ကျန်းမာရေးအတွက် များစွာထိရောက်စေမှု ဆိုးကျိုးများနှင့် ပတ်သက်၍ အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်းနှင့် အဆိုပါ စားသုံးရန် မသင့်သော အသားချောင်းများအား စျေးများအတွင်း ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)