ပင်လုံ မတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၁၁ ရက်နေ့မှစတင်၍ ဖြေဆိုမည်ဖြစ်ရာ ကျောင်းသား/ကျောင်းသူလေးများ အေးချမ်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ပင်လုံမြို့ မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့မှ မီးဘေးလုံခြုံရေးကြိုတင်စစ်ဆေးခြင်းနှင့် ဇာတ်တိုက်သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ လက်တွေ့လေ့ကျင့်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပင်လုံမြို့ မီးသတ်ဦးစီးမှူး ဦးရဲအောင်မှ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျောင်းဆရာ/ဆရာမများအား မီးလောင်မှု၊ မီးလန့်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ရပါက ကြောက်လန့်ပြီးပစ်မသွားပဲ စိတ်ကိုတည်ငြိမ်စွာထား၍ လက်ဦး မီးငြိမ်းသတ်တတ်စေရန်၊ ကနဦး မီးလောင်မှုမှာ မီးသေး၊ မီးမွှားသာဖြစ်၍ တည်ငြိမ်စွာရင်ဆိုင်ငြိမ်းသတ်တတ်စေရန်၊ မီးလောင်ကျွမ်းမှုဖြစ်စေရန် လေ/အောက်ဆီဂျင်၊ လောင်စာ၊ မီးတောက်ရန်လုံလောက်သော အပူချိန်ဟူ၍ရှိရာ ယင်းတို့အနက် တခုခုအား ဖယ်ရှားခြင်း၊ ဖုံးအုပ်ခြင်းဖြင့် ငြိမ်းသတ်စေခြင်း၊ မီးလောင်မှုကြီးဖြစ်ပွားမှုမှ ကာကွယ်တားဆီးတတ်စေရန်၊ မီးလောင်မှုကြီးထွားပါက မိမိပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်း၍ မီးသတ်ဦးစီးဌာနသို့ တိကျစွာ ဆက်သွယ်အကူအညီတောင်းရန်၊ မီးလောင်မှုသာမက မတော်တဆဖြစ်ပွားမှုများ၊ သဘာဝဘေးအန္တရာယ်များ တွေ့ကြုံရသည့်အခါ ဘေးအန္တရာယ်များကို ရင်ဆိုင်ကျော်လွှားတတ်စေရန် နည်းလမ်းများအကြောင်း အသိပညာပေးဟောပြော၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်းများ၊ ရေစိုဝတ်ဖြင့်အုတ်၍ မီးငြိမ်းသတ်နည်း၊ ဂတ်(စ်)အိုးမီးငြိမ်းသတ်နည်းတို့ကို ကျောင်းဆရာ/ဆရာမများနှင့်အတူ လက်တွေ့သရုပ်ပြသခဲ့ ပါသည်။
အဆိုပါမီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် သရုပ်ပြပွဲကို ပင်လုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုးနှင့် ဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေစင်ဝင်းနှင့် ဆရာ/ဆရာမများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)