မြစ်ကြီးနား မတ် ၅
ကချင်ပြည်နယ်အစိုးရအဖွဲ့က နိုင်ငံတော်လုံခြုံရေး တာဝန်ထမ်းဆောင်နေကြသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေ၊ အသင့်စားသုံးနိုင်သော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း တာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ငွေကျပ်သိန်း (၁၅၀၀) အပါအဝင် အစားအသောက်နှင့် ဆေးဝါးများအား တပ်ဖွဲ့ဝင်ဦးရေ (၁၅၀၀)ဦးတို့အတွက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်မှုများကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်တရား လွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်ရုံး၊ ဝန်ကြီးဌာနများအလိုက် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ထောက်ပံ့ပေးအပ်သည့် တပ်ဖွဲ့ဝင်ဦးရေ (၁၅၀၀) ဦးတို့အတွက် စုစုပေါင်း ငွေကျပ် (၂၂၀၂၁၃၀၀) တန်ဖိုးရှိ တစ်ဦးလျှင် ဘာလချောင်ကြော်၊ အမဲသားကြော်၊ ငါးခြောက်ကြော်၊ ကြက်မွကြော်၊ ပဲပုပ်/ဂျူးမြစ်/ မြေပဲဆံကြော်၊ တိုင်းရင်းဆေး၊ ထန်းလျက်၊ ကော်ဖီစသည့် အသင့်စား သုံးနိုင်သော စားသောက်ဖွယ်အမယ်စုံ (၁၂)မျိုးကို ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ရာဇာထွန်းထံလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေးတပ်ဖွဲ့များအတွက် ငွေကျပ်သိန်း (၁၅၀၀)ကို တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်ထံလည်းကောင်း အသီးသီးပေးအပ်ကြရာ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ကို ပြန်လည်ပေးခဲ့ကြပြီး တိုင်းမှူးက ဂုဏ်ပြုချီးမြှင့်ငွေနှင့် အသင့်စားသုံးနိုင်သော စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်မှုအတွက် ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်မှုများအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ကြီးဌာနအလိုက် ကြီးကြပ်မှုအောက်ရှိ ဌာနဆိုင်ရာများ၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်ရုံးနှင့် ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ လှူဒါန်းပါဝင်မှုတို့အား ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်း ဝန်ထမ်းများစုဖွဲ့၍ စားစရာအမယ်များကို ချက်ပြုတ်ပြင်ဆင်ခဲ့ကြရာ မတ် ၃ ရက် ညနေပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများက လုံခြုံရေးတပ်ဖွဲ့ဝင် (၁၅၀၀)ဦးတို့အတွက် ထောက်ပံ့ပေးနိုင်ရေး ပါဝင်သည့် အမယ်ပစ္စည်းမျိုးစုံတို့အား စနစ်တကျထုတ်ပိုးပြင်ဆင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)