နေပြည်တော် မတ် ၅
နေပြည်တော်ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယမန်နေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းမှာရှိသည့် ဗီဒီယို၊ ကာရာအိုကေလုပ်ငန်းများအား သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်နိုင်စေရေး၊ တရားမဝင် လုပ်ကိုင်သူများ မရှိစေရေးနှင့် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ လိုင်စင်သက်တမ်းတိုးခြင်းလုပ်ငန်းများအား လျင်မြန်စွာဆောင်ရွက်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများအနေဖြင့် စိတ်ချမ်းမြေ့ကျေနပ်မှုရရှိစေပြီး လူငယ်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ အသေးစားအလတ်စားလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာစေရေးကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ငွေများကိုလည်း စနစ်တစ်ကျကြီးကြပ်ဆောင်ရွက်လိုကြောင်း ယခုအစည်းအဝေးတွင် ဆုံးဖြတ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြုပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ဗီဒီယိုစိစစ်ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လုပ်ငန်းဆောင်ရွက်ချက်များ၊ လုပ်ငန်းလိုင်စင်အသစ်လျှောက်ထားမှု၊ သက်တမ်းတိုး၊ အမည်ပြောင်း၊ တည်နေရာပြောင်းကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် နေပြည်တော်ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)