တာမွေမြို့နယ်ရှိ အမျိုးသမီးငယ်များ စောင့်ရှောက်ရေးဂေဟာ၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း နှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

တာမွေ မတ်

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း  မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့်  မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း အချိန်ကလည်း တာမွေမြို့နယ် ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်ရှိ ကယ်တင်ခြင်းတပ် အမျိုးသမီးငယ်များ စောင့်ရှောက်ရေးဂေဟာ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

ထိုကဲ့သို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောရာတွင် အရေးပေါ် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်သည့်အခါ စနစ်တကျ မီးငြှိမ်းသတ်ရေး နည်းစနစ်များ၊ မီးသဘောသဘာဝများ၊ မီးအတန်းအစား အမျိုးမျိုး၊ မီးစတင်လောင်ကျွမ်းခြင်းများ၊ မီးသတ်ဆေးဘူးအမျိုးမျိုးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို အဆိုပါဂေဟာရှိ တာဝန်ရှိသူများ၊ ဆရာမများနှင့် ကျောင်းသူလေးများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသေးစိတ် အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပြီး မီးငြှိမ်းသတ်ရေး ကိရိယာအမျိုးမျိုးနှင့် မီးသတ်ဆေးဘူးများကို လက်တွေ့အသုံးပြု၍ စနစ်တကျ မီးငြှိမ်သတ်နည်းများကို ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ယခုအခါ ပူပြင်းခြောက်သွေ့လွန်းလှသည့် နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ယခုနှစ်အတွင်း မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာ အဆောက်အဦများအပြင် မြို့နယ်အတွင်းရှိ အခြေခံပညာ စာစစ်ဌာနကျောင်းများနှင့် မူလတန်းကြိုကျောင်းများ၊ ဂေဟာများ၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများ၊ စျေးဆိုင်များနှင့် နေအိမ်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)