ကျောက်ဆည်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ (၁၀) ရွာ၌ ကွန်ကရစ်လမ်းများ ခင်းပေး

ကျောက်ဆည် မတ် ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်သူများလူမှုစီးပွားဘဝ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူလူထုကိုယ်တိုင် ကျေးရွာများ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များ စနစ်တကျစုပေါင်းပြီး ဖွံ့ဖြိုးရေးအစီအစဉ်များ ဖြစ်ပေါ်လာစေရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ  (၁၀) ရွာ၌ ကွန်ကရစ်လမ်းများ ခင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်မှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ခွင့်ပြုရန်ပုံငွေ ကျပ် (၁၅၀) သိန်းဖြင့် အကျယ်(၁၂)ပေ၊ ထု (၆) လက်မနှင့် လမ်းအရှည်အနေဖြင့် ပြည်သူထည့်ဝင်ငွေ (လုပ်အားတန်ဖိုး) ထည့်ဝင်မှုအပေါ် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် လမ်းများရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အရည်အသွေး ပြည့်မီရေး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနီးကပ်ကြီးကြပ်၍ သက်ဆိုင်ရာ ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီများ ဦးဆောင်မှုဖြင့် ကွန်ကရစ်ခင်းခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများကို ငါးဆူ၊ သီးပင်၊ ကျောက်မဆစ်၊ ကတဲ၊ ကောင်းတင်၊ ကင်း၊ ကျီးပြ၊ မှိုင်းပန်၊ မိုးကြိုးကုန်း၊ ရှမ်းသူငယ် ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြောင်းနှင့် ကွန်ကရစ်လမ်းခင်းပေးခြင်းကြောင့် ပြည်များ၏ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး စသည့်ကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးလာကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)