ရမည်းသင်း မတ် ၅
ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပန်းချီဆွဲနည်းသင်တန်းနှင့် မော်ဒန်ပန်းချီဆွဲနည်းသင်တန်းတို့ကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အခမဲ့ဖွင့်လှစ်ပို့ချကြောင်း သိရသည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက အားလပ်ရက်များအတွင်း အချိန်ကိုအကျိုးရှိစေရန် အခြေခံပန်းချီကအစ မော်ဒန်ပန်းချီအထိ ရေးဆွဲတတ်စေရန် သင်တန်းဖွင့်လှစ်ရခြင်းကို ရှင်းလင်း ပြောကြားပြီး မော်ဒန်ပန်းချီရေးဆွဲနည်းကို ပန်းချီဆရာဦးအောင်စိုးမှ လည်းကောင်း အခြေခံပန်းချီရေးဆွဲနည်းကို ပန်းချီဆရာ ဦးအောင်မင်းကလည်းကောင်း အသီးသီးလက်တွေ့သင်ကြားသည်။
အဆိုပါ ပန်းချီဆွဲနည်းသင်တန်းကို ရက်သတ္တပတ် နှစ်ပတ်ကြာဖွင့်လှစ်မည်ဖြစ်ပြီး အခြေခံပန်းချီသင်တန်း သင်တန်းသား/သူ(၂၅)ဦးနှင့်မော်ဒန်ပန်းချီသင်တန်း သင်တန်းသား/သူ(၃၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဇော်ဝင်းအောင်