မိုင်းစံ မတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ စက်သုံးဆီအရောင်းဆိုင်များအတွင်း စက်သုံးဆီပြတ်လတ်မှုမရှိစေရေးနှင့် ဓာတ်ဆီ၊ စက်ဆီ စျေးနှုန်းများ ပုံမှန်ရောင်းချနေမှုရှိ၊ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းစံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးဂျူလိုင်ကိုကို ဦးဆောင်မှုဖြင့် မိုင်းစံနယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်စွာဝင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်လှနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး မိုင်းစံမြို့အတွင်း စက်သုံးဆီများပြတ်လတ်မှုမရှိစေရေး၊ ဓာတ်ဆီ၊ စက်ဆီများ ပုံမှန်ရောင်းဝယ်မှုရှိစေရေး၊ စက်သုံးဆီသိုလှောင်ကန်များ စနစ်တကျထားရှိမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ မီးဘေးလုံခြုံမှုရှိစေရေး၊ မီးသတ်ဆေးဘူးများ ကောင်းမွန်မှုရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ရေလှောင်ကန်ထားရှိမှုစစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုင်းစံမြို့အတွင်းရှိ စက်သုံးဆီဆိုင်များတွင် ဆီများပြတ်လျက်မှုမရှိကြောင်းနှင့် ဆီများကို ပုံမှန်စျေးနှုန်းအတိုင်း အကန့်အသတ်မရှိ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)