မိုင်းဆတ်မြို့၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မိုင်းဆတ် မတ် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက အ.ထ.က-ခွဲ(လ-၂)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက နိုင်ငံတကာမှ အသုံးပြုနေသည့် ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းများ စနစ်တကျကိုင်တွယ်အသုံးပြုနိုင်စေရန် ရှာဖွေကယ်ဆယ်ရေးသင်တန်းများ ဖွင့်လှစ်ခြင်းကြောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်အမျိုးမျိုးကနေ ကာကွယ်စောင့်ရှောက်နိုင်စေရန် စနစ်တကျဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း သင်ကြားပို့ချသည့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ သင်ခန်းစာများကို ကြိုးစားသင်ယူကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဇင်မင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်လင်းထွန်း၊ ခေတ္တခရိုင်မီးသတ်ဦးစီးမှူး ဦးဟိန်းလင်းထိုက်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့က မီးသတ်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကယ်ဆယ်ရေးသုံးပစ္စည်းများ၊ မီးငြှိမ်းသတ်ရာတွင်အသုံးပြုသည့် ပစ္စည်းများကို လေ့လာကြည့်ရှု အားပေးခဲ့ကြသည်။

ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အမှတ်(၁၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဇင်မင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်လင်းထွန်း၊ ခေတ္တခရိုင် မီးသတ်ဦးစီးမှူး ဦးဟိန်းလင်းထိုက်၊ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမြင့်၊ မြို့နယ်ပညာရေးမှူး ဦးစိုင်းတင့်ဆန်းနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၄)ကို မတ်လ(၄)ရက်နေ့မှ မတ်လ(၁၇)ရက်နေ့အထိ သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးဖြင့် မြို့နယ်မီးသတ်စခန်းနှင့် မိုးလုံလေလုံအားကစားရုံတို့တွင် (၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြင့်မောင်(မိုင်းဆတ်)