နွေရာသီကျောင်းအားလပ်ရက် တိုင်းရင်းသားရိုးရာဂျပ်ခုတ်သင်တန်းဖွင့်ပွဲ၊ ရှေ့တန်းရောက်တပ်မတော်သားများအတွက် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားနှင့် သက်မွေးပညာကာလတိုသင်တန်းဖွင့်ပွဲ ကျင်းပ

ဘားအံ မတ် ၅                                                                            

နွေရာသီကျောင်းအားလပ်ရက် တိုင်းရင်းသားရိုးရာဂျပ်ခုတ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ယမန်နေ့နံနက် (၈)နာရီက ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ (၁)နှစ် သင်တန်းနှင့်လက်ရက်ကန်း (၆)လသင်တန်းများကို ပုံမှန်သင်တန်းများအဖြစ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ကာလတိုသင်တန်းများအနေဖြင့် တိုင်းရင်းသားရိုးရာဂျပ်ခုတ်သင်တန်း၊ အထည်ပန်းပုံရိုက်နှင့်ဆေးရေးပန်းချီသင်တန်း၊ သဘာဝဆိုးဆေးသင်တန်း၊ အခြေခံစက်ချုပ်သင်တန်းများကိုလည်း အချိန်ကာလများအလိုက် အလှည့်ကျဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှလည်း ပုံမှန်သင်တန်းတက်ရောက်သည့် သင်တန်းသား/သင်တန်းသူများကို သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း ဆန်၊ ဆီများကို ထောက်ပံ့ပေးပြီး (၁)လလျှင် သင်တန်းသား/သူ (၁)ဦးကို ကျပ် ၂၀၀၀၀ နှုန်းနှင့် သင်တန်းပြီးမြောက်သွားသည့်အခါ လက်ရက်ကန်းစင် (၁)စင်စီနှင့် ဆက်စပ်ပစ္စည်းများ၊ ချည်များကို ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များကို အသုံးချကာ တစ်ပိုင်တစ်နိုင် ရက်ကန်းလုပ်ငန်းများ လုပ်ဆောင်ပြီး မိသားစုဝင်ငွေများ တိုးပွားရရှိအောင် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရက်ကန်းပညာရပ်သင်တန်းများကို တက်ရောက်ထားသည့် သင်တန်းသားများအနေဖြင့် အိမ်နီးချင်းနိုင်ငံများသို့ အလုပ်အကိုင်များ စွန့်စားပြီး သွားရောက်လုပ်ကိုင်မည့်အစား မိသားစုနှင့် အိုးမကွာ၊ အိမ်မကွာပဲ နေထိုင်ပြီး ရိုးရာရက်ကန်းပညာများကို ထိန်းသိမ်းစောင့်ရှောက်၍ သင်တန်းမှရရှိလာသော ပညာရပ်များကိုအသုံးချပြီး မိသားစုအတွက်ဝင်ငွေများရရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား/သင်တန်းသူများကို ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က သင်တန်းနှင့်ပတ်သက်သည့် လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူး၍ လုပ်ငန်းသုံးပစ္စည်းများနှင့် ဂျပ်ခုတ်စင်များအား လှည့်လှည့်ကြည့်ရှု့အားပေးခဲ့ကြသည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေး တာဝန်များကို စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ရွက်လျက်ရှိသော ရှေ့တန်းရောက်တပ်မတော်သားများအတွက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက လှူဒါန်းသော အသင့်စားသုံးနိုင်သည့်ပစ္စည်းများ  ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၂)တွင် ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက  ဒို့တာဝန်အရေးသုံးပါးကို  ဦးထိပ်ပန်ဆင်၍  နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် အသက်ကိုပင် ပဓာနမထားပဲ တာဝန်ထမ်းဆောင်နေကြသော ရှေ့တန်းရောက်တပ်မတော်သားများကို ဒုတိယအကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ်ပေးပို့လှူဒါန်းနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ရှေ့တန်းစစ်မျက်နှာတွင် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများ အန္တရာယ်ကင်းဘေးကင်း၍ တိုက်ပွဲတိုင်း အောင်မြင်နိုင်ပါစေကြောင်း အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်ထံ မားမားကြာဇံ (၁၀)ထုပ်ပါ (၅၉၂)ဖာ၊ ဆေးပေါ့လိပ် (၃၀၀)ထုပ်၊ ကွေကာအုပ်၊ ကော်ဖီမစ် (၃၆)ထုပ်၊ ငါးသေတ္တာစည်သွပ်ဘူး (၁၆)ကဒ်ပါ (၁၈)ဖာ၊ အသင့်စားသုံးနိုင်သော စားသောက်ဖွယ်ရာ (၂၆၀၄)ထုပ်၊ (၄၈၈)ဘူးနှင့် ကွတ်ကီး၊ ဘီစကစ်၊ နို့ဝေဖာ၊ မုန့်ခြောက် (၃၃၅)ထုပ်၊ (၁)ပုံးတို့ကို  ထောက်ပံ့ပေးအပ်ပြီး ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးကျော်ထိန်ထံ ငွေကျပ်(၃၉၄၅၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းကော်မတီမှကြီးမှူး၍ ဖွင့်လှစ်သည့် နွေရာသီအားလပ်ရက် သက်မွေးပညာကာလတို သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီက ဘားအံမြို့နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ နှစ်ထပ်ဆောင်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကားပြောကြားရာတွင် အခြေခံကွန်ပျူတာသင်တန်း(၁/၂၀၂၄)နှင့် (၂/၂၀၂၄) သင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၄၅)ဦးဖြင့်လည်းကောင်း၊ မိတ်ကပ်နှင့်ဆံပင်အလှ ပြုပြင်ခြင်းသင်တန်း (၁/၂၀၂၄)တွင် သင်တန်းသား/သင်တန်းသူ (၂၀)ဦးဖြင့်လည်းကောင်း၊ အခြေခံစက်ချုပ်သင်တန်း (၁/၂၀၂၄)တွင် သင်တန်းသား/သင်တန်းသူ (၂၅)ဦးဖြင့်လည်းကောင်း သက်မွေးပညာကာလတို သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကာ ကရင်ပြည်နယ်အတွင်းရှိ ကလေးသူငယ်များနှင့် ဆွေမျိုးသားချင်းများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် တစ်နိုင်တစ်ပိုင် လုပ်ကိုင်စားသောက်နေထိုင်ရန်အတွက် နွေရာသီအားလပ်ရက် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းတွင် သင်ကြားပေးလျက်ရှိသည့် သင်တန်းနည်းပြများအနေဖြင့် စာတွေ့၊ လက်တွေ့နှင့် လုပ်ငန်းခွင်ဆိုင်ရာ အတွေ့အကြုံအသိပညာများကို မခြွင်းမချန်ပဲ သင်ကြားပေးကြရန်နှင့် သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိလာသော အသိပညာ၊ အတတ်ပညာနဲ့ ကျွမ်းကျင်မှုများကိုအသုံးချ၍ မိမိတို့ မိသားစု၊ ရပ်ကွက်ဒေသ၊ ပြည်နယ်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ သင်တန်းသား/သူ ကိုယ်စားလှယ်(၄)ဦးက လက်ခံရယူခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြား၍ လက်တွေ့သင်ကြားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။   

ပြည်နယ်(ပြန်/ဆက်)