ပြင်ဦးလွင် မတ်လ ၅
နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ကိုရီးယားဘာသာစကားကိုအခြေခံမှစ၍ တတ်မြောက်နားလည်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကိုရီးယားဘာသာအခြေခံသဒ္ဒါနှင့်စကားပြောသင်တန်းကို စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုရီးယားဘာသာအခြေခံသဒ္ဒါနှင့်စကားပြောသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်(၁)နာရီက ကျင်းပရာ သင်တန်းနည်းပြဆရာမ ဒေါ်စိုးထက်ထက်နွယ်၊ စာရေးဆရာကိုရွှေအောင်သင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၃၀) ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် စာရေးဆရာကိုရွှေအောင်သင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားအပြီးတွင် သင်တန်းနည်းပြဖြစ်သူ (Htet Htet) ကိုရီးယားဘာသာသင်တန်းကျောင်းမှ ဆရာမဒေါ်စိုးထက်ထက်နွယ်က သင်တန်းတွင် သင်ကြားပေးမည့်အကြောင်းအရာများနှင့် သင်ကြားမည့်စနစ်များအား ဦးစွာရှင်းလင်းဆွေးနွေးပြီး ကိုရီးယားဘာသာအခြေခံသဒ္ဒါနှင့် စကားပြောနည်းများကို ကျွမ်းကျင်စွာတတ်မြောက်စေရန် စတင်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုရီးယားအခြေခံသဒ္ဒါနှင့်စကားပြောသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ Grade–4,5,6,7 ကျောင်းသား/ကျောင်းသူ (၃၀)ဦးအား မတ်လ(၄)ရက်နေ့မှ ဧပြီလ(၁၂)ရက်နေ့အထိ ရက်သတ္တပတ် ၆ ပတ်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
သွေးသွေး (ခရိုင် ပြန်/ဆက်)