ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံမိသားစုထမနဲထိုးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ထန်းတပင်(ရန်ကုန်) မတ် ၄

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ မိသားစုထမနဲထိုးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့၌ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ကျင်းပပြုလုပ်သည်။
စည်းလုံးမှုဖြင့်အောင်မြင်မှုရရှိစေသည်ကိုသိရှိနားလည်စေရန်နှင့် ချစ်စဖွယ်မြန်မာ့ရိုးရာဓလေ့အားရိုးရာမပျက်ဆက်လက်ထားရှိစေရန်အတွက် ပြိုင်ပွဲကိုကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ထမနဲထိုးပြိုင်ပွဲသို့ ဘာသာရပ်ပေါင်းစုံ(၁၄)ဌာနတို့မှ ပြိုင်ပွဲဝင်အသင်း(၁၄)သင်းတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသလို ပြိုင်ပွဲယှဥ်ပြိုင်နေမှုများကိုလည်းရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာသန်းဇော်ဦး၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာသန္တာ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာသဇင်လွင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာရင်ရင်လွင်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့်ပြိုင်ပွဲဝင်အသင်းများအား ဆုများပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ကြရာ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မြန်မာစာဌာန၊ ဒုတိယဆုရရှိသည့် အရှေ့တိုင်းပညာဌာန၊ တတိယဆုရရှိသည့် သင်္ချာဌာနနှင့် နှစ်သိမ့်ဆုရရှိခဲ့ကြသည့်ပြိုင်ပွဲဝင်ဌာန(၁၁)ဌာနတို့မှ ပြိုင်ပွဲဝင်အသင်းများအား ခေတ္တပါမောက္ခချုပ် ဒေါက်တာသန်းဇော်ဦး၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာသန္တာ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာသဇင်လွင်၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာရင်ရင်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် တာဝန်ရှိသူများကဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။
ဇင်မင်းထိုက်(ထန်းတပင်)