နမ့်စန်(တ) မတ် ၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်သည့် ယင်းကြားတိုင်းရင်းသားရိုးရာ ယက်ကန်းရက်လုပ်မှုသင်တန်းကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ နမ့်လစ်ကျေးရွာအုပ်စု၊ တွံတီးကျေးရွာတွင် ယနေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေ့လည် ၁၁ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်မိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ယက်ကန်း သင်တန်းဖွင့်လှစ်ပို့ချနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါသင်တန်းကို ယင်းကြားတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအနုပညာများ၊ ပညာရပ်များကို ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်တတ်စေရေးနှင့် လက်မှုလုပ်ငန်းတတ်မြောက်ခြင်းဖြင့် မိသားစုဝင်ငွေများ တိုးပွားလာစေရန်တို့ကို ရည်ရွယ်၍ မတ်လ ၄ ရက်မှ မတ်လ ၈ ရက်နေ့အထိ(၅)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကာ နမ့်လစ်ကျေးရွာအုပ်စုနှင့် အမှတ်(၅) ကျေးရွာအုပ်စုရှိ ယင်းကြားတိုင်းရင်းသားကျေးရွာ (၁၀)ရွာမှ ယင်းကြားတိုင်းရင်းသူ(၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း ယင်းကြားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းဝဏ္ဏထံမှ သိရသည်။
သူရအောင်(နမ့်စန်)